Friday, 9 March 2012

**ဗုဒ္ဓမြတ်စွာအား ရိုင်းပျစွာ နောက်​ပြောင်​ခဲ့​သည့် NBC ရုပ်သံအစီအစဉ် **


အမေရိကန် ရုပ်သံလိုင်းကြီး တစ်ခုဖြစ်သည့် NBC ရုပ်သံတွင် ယမန်နေ့က ထုတ်လွှင့်ပြသခဲ့သည့် အပတ်စဉ် ဟာသအစီအစဉ် ဖြစ် သည့် Saturday Night Live (SNL) တွင် ဗုဒ္ဓမြတ်စွာအား နောက်ပြောင်စော်ကားသည့် Rude Buddha (ရိုင်းပျသော ဗုဒ္ဓ) ဟု အမည်ရသည့် တစ်ခန်းရပ် အစီအစဉ်တစ်ခုအား ယမန်နေ့က ထုတ်လွှင့်သွားခဲ့သည်။

ယင်းအစီအစဉ်တွင် SML သရုပ်ဆောင် Andy Samnberg က သင်္ကန်းရုံကာ ဗုဒ္ဓအဖြစ် သရုပ်ဆောင်သွားခဲ့ပြီး ဗုဒ္ဓမြတ်စွာအား ရိုင်း ပျသော၊ ညစ်ညမ်းသော အသုံးအနှုန်းများ၊ အပြုအမူများဖြင့် နောက်ပြောင်ပြီး ပုံတူဖော်သွားခဲ့သည်။

ဦးစွာပထမအနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က ဗုဒ္ဓပွင့်ခဲ့ကြောင်း၊ ညောင်ပင်အောက်၌ နေထိုင်ရင်း အလုံးစုံသိမြင်သော သဗ္ဗညုတဉာဏ်ကို ရရှိခဲ့ကြောင်း၊ လူအများ၏ ရှေ့ဆောင်လမ်းပြသူ၊ လွတ်မြောက်ရာအား လမ်းညွှန်ပြသသူ ဖြစ်လာခဲ့ကြောင်း၊ သို့သော်လည်း ဗုဒ္ဓအနေဖြင့် လူအများမသိသော၊ အနီးကပ်တပည့်များသာသိသော အချက်များရှိသေးကြောင်း၊ ယခုပြသမည့် ဗီဒီယို သည် ရိုင်းပျသော ဗုဒ္ဓ၏ အကြောင်းအရာများဖြစ်ကြောင်း စာတမ်းထိုးသွားခဲ့သည်။

ထို့နောက်တွင် သင်္ကန်းရုံကာ ဗုဒ္ဓအသွင်ဖန်တီးထားသည့် Andy Samberg က ယင်းအား လူအများက လာရောက်တွေ့ဆုံပြီး မေးခွန်းများ မေးမြန်းခဲ့သည်များကို တင်ဆက်ပြသသွားခဲ့သည်။

ပထမဦးစွာ လာရောက်ခဲ့သည့် ပုဂ္ဂိုလ်က "ဗုဒ္ဓခင်ဗျား။ ကျွန်တော်ရဲ့စိတ်တွေက အမြဲတမ်း ဂဏာမငြိမ်ဖြစ်နေပါတယ်။ တရားရရှိရေး နဲ့ စိတ်အေးချမ်းရေးကို မည်သို့ဆောင်ရွက်ရပါမလဲ။" ဟု မေးမြန်းခဲ့ရာ ဗုဒ္ဓသရုပ်ဆောင်နေသည့် Andy Samberg က တည်ငြိမ်စွာ ပင် "သင်နှစ်ခြိုက်သော ပန်းတစ်ပွင့်သည် ကြွေကျမြေခမည် ဖြစ်သကဲ့သို့၊ သင်မနှစ်မြို့သော ပေါင်းပင်မှာလည်း ပေါက်​ရောက်ရှင် သန်မည်သာဖြစ်သည်။" ဟု ဖြေကြားခဲ့သည်။

အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြီး "ဒါဆိုရင် အရာအရာတိုင်းကို အရှိအတိုင်း လက်ခံရမည်လား။" ဟု ထပ်လောင်းမေးမြန်းရာ Samberg က "မိုင်ထောင်ချီ ရှည်လျားသည့် ခရီးအားလည်း ပထမဆုံးခြေလှမ်းဖြင့်ပင့် စတင်ရမည်ဖြစ်သည်။" ဟု ပြန်လည်​ဖြေကြား ခဲ့သည်။

ပုဂ္ဂိုလ်က ကျေးဇူးတင်ကြောင်း ပြောကြားကာ ထွက်ခွာသွားပြီးနောက် ဗုဒ္ဓသရုပ်ဆောင်နေသည့် Samberg က ယင်း၏ အနီးတွင် ထိုင်နေသည့် တပည့် ၂ ဦး ဘက်သို့လှည့်ကာ "ဒီလူရဲ့ ပထမဆုံးခြေလှမ်းက တောင်စောင်းကပဲ ဖြစ်ရမယ်။ ဟားဟားဟား။ အရှိကို အရှိအတိုင်း လက်ခံရမယ်ဟုတ်လား။ အရှိအတိုင်းကတော့ ဒီလူဘယ်တော့မှ မိန်းမနဲ့မှ အိပ်ရမှာမဟုတ်ဘူး။ ဟားဟားဟား။" ဟု နောက်ပြောင်ပြောဆိုခဲ့သည်။

ထို့နောက် အမျိုးသမီးတစ်ဦး ရောက်ရှိလာခဲ့ပြီး "ကျွန်မရဲ့ ယောက်ခမနဲ့ အဆင်မပြေရပါ။ စိတ်ဒုက္ခ ရောက်ရပါတယ်။ ဒီဘဝကြီးမှာ မနေချင်တော့ပါ။" ဟု ဆိုခဲ့ရာ Samberg က "တရားရဖို့ နည်းလမ်းတစ်ခုထဲသာ ရှိတာမဟုတ်ပါဘူး။ ရေခွက်တစ်ခုကို ရေတစ်​ပေါက်​ခြင်း ဖြည့်ရင်းနဲ့ပဲ ပြည့်သွားရတာပါ။" ဟု ပြောကြားသွားခဲ့သည်။

ထိုအမျိုးသမီး ထွက်သွားပြီးနောက် တပည့်များဘက်သို့လှည့်ကာ "ခွက်လို့ပြောလို့၊ ဒီမိန်းကကိုယ်ပေါ်က မုတ်ခွက်တွေကို တွေ့လိုက်လား။ မိုက်လိုက်တာ။ လိင်စိတ်တောင် ကြွလာပြီနော်။ ဟားဟားဟား။ ဗုဒ္ဓလည်း ဒါမျိုးကြိုက်တတ်ပါတယ်။ ဟားဟားဟား။" ဟု ရိုင်းပျစွာ ဆိုသွားခဲ့သည်။

အဆိုးရွားဆုံးမှာ နောက်ဆုံးရောက်ရှိလာသည့် အမျိုးသမီး (Lindsay Lohan) နှင့် ပြောကြားခဲ့သည့် စကားများပင်ဖြစ်သည်။ အဆိုပါ အမျိုးသမီးက ယင်းအနေဖြင့် တရားကျင့်ကြံနေရာ အောင်မြင်မှု မရှိကြောင်း၊ နိဗ္ဗာန်ရောက်ကြောင်း တရားဟောပေးပါဟု တောင်းဆိုခဲ့ရာ Samberg က တပည့်ထံသို့ မသိမသာလှည့်ပြီး ရယ်ခဲ့ပြီးနောက် မျက်နှာအမူအရာ မပျက်စေဘဲ အမျိုးသမီးအား "ရှိတာပေါ့ သမီးငယ်။ သမာဓိနည်းလမ်း (Zen) ကို ပြပေးနိုင်ပါတယ်။ ဒီည ၁၁ နာရီလောက်ကို ပြန်လာခဲ့လေ။ အတူတူ တရား အားထုတ်တာပေါ့။" ဟု ဆိုခဲ့သည်။

ထို့နောက် Lindsay Lohan က "ဒါဆို အရှင်ဘုရားထံမှာပဲ တရားရရှိမှာပေါ့နော်။" ဟု မေးခဲ့ရာ Samberg က ရယ်မောလျက် "ငါ​ရောက်​မှာတော့ သေချာတာပေါ့။ ဟားဟားဟား။ သမီးအနေနဲ့ကတော့ အချိန်ပို လုပ်ရမယ်ထင်တယ်။" ဟု ဆိုခဲ့ရာ Lohan က ကျေးဇူးတင်စကားပြောပြီး ထွက်ခွာသွားခဲ့သည်။

Lohan ထွက်သွားပြီးနောက် ဗုဒ္ဓအသွင်ဖမ်း Samberg က တပည့်များထံလှည့်ကာ "သမာဓိနည်း (zen) ဟုတ်လား။ ဟုတ်တာက​တော့ ဒီကောင်မလေးကို အိမ်ခေါ်သွားမယ်။ ပြီးရင် အဝတ်တွေချွတ်မယ်။ ကောင်မလေး ဂျူးလူမျိုး မဟုတ်လောက်ဘူးထင်ပါတယ်။ သူ့ကို ဝက်သားလို မြိန်မြိန်စားချင်လို့ပါ။ ဟားဟားဟား။ ငါ့ရဲ့ (သစ်ပင်) သာ ကောင်မလေးရဲ့ (ချုံပုတ်) ထဲ လဲကျမယ်ဆိုရင် အိမ်နီး ချင်း​တွေတောင် ကြားရမှာကွ။ ဟားဟားဟား။" ဟု ရိုင်းပြသည့် အသုံးအနှုန်းများဖြင့် ပြောကြားသွားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

SNL အစီအစဉ်သည် အမေရိကန်နိုင်ငံတွင် နာမည်ကျော်သော ဟာသအစီအစဉ် တစ်ခုဖြစ်ပြီး အများသူငါအား ပွင့်လင်းစွာ လှောင်​ပြောင်သည့် (Spoofs) အသုံးအနှုန်းများ အစဉ်အမြဲ အသုံးပြုလေ့ရှိသည်။ ယင်းတို့အနေဖြင့် ယခင်က ယေရှုအားလည်း ယခုကဲ့သို့ပင် နောက်ပြောင်ခဲ့ဖူးသည်။

ဒီမိုကရေစီပြည့်ဝသည့် နိုင်ငံတစ်ခုတွင် လူတိုင်းလူတိုင်း လွတ်လပ်ပွင့်လင်းစွာ ပြောဆိုဆွေးနွေးခွင့် ရှိသည်မှာ မှန်သော်လည်း ယခု ကဲ့သို့ ဘာသာတရားတစ်ခုအား ပြက်ရယ်ပြုခြင်း၊ ဗုဒ္ဓမြတ်စွာအား အတုယောင်ပြုပြီး ညစ်ညမ်းသော အသုံးအနှုန်းများဖြင့် နောက် ပြောင်ပြောဆိုခဲ့ခြင်းတို့မှာ လုံးဝဥဿုံ မလုပ်သင့် မလုပ်ထိုက်သည့် အရာများဖြစ်ခြင်းကြောင့် NBC ရုပ်သံလှိုင်းနှင့် SNL အစီအစဉ် အား ရွှေလုံးမှ ပြင်းထန်စွာ ရှုတ်ချလိုက်ပါသည်။

(မှတ်ချက် - SNL အစီအစဉ်မှ တာဝန်ရှိသူများအား ဆက်သွယ်ရန် ကြိုးပမ်းခဲ့ရာ အောင်မြင်မှု မရရှိခဲ့သလို အီးမေးလ်အားလည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ကမ္ဘာတစ်ဝန်းမှ ဗုဒ္ဓဘာသာဝင်များထံသို့ ဤသတင်းအား မျှဝေပါရန် တိုက်တွန်းအပ်ပါသည်။ ဤသတင်းအပေါ် စာဖတ်သူတို့၏ တုန့်ပြန်ပြောဆိုမှုများအားလည်း NBC ရုပ်သံဌာနသို့ ပေးပို့သွားမည်ဖြစ်ပါသည်။)



**Thantsin Phyoe**


Friday, 2 March 2012

ကြောင် တို့ အကြောင်း


ကြောင် တို့ အကြောင်း

မတ်လ ၁ ရက်နေ့ဟာ International Cats’ Day ပါတဲ့။ ကြောင်တို့အကြောင်း ရှာတွေ့တာလေးတွေ ရေးတင်လိုက်ပါတယ်။ RIA NOVOSTI site မှာ တွေ့တာလေး ဘာသာပြန်လိုက်တာပါ။


ကြောင်ဟာ နို့တိုက်သတ္တ၀ါထဲမှာ ပါဝင်ပြီး မျိုးစိတ်ပေါင်း ၃၇ မျိုးလောက် ရှိပါသတဲ့။



အိမ်မွေး တိရိစ္ဆာန် ဖြစ်တာမှာ ကြောင်ဟာ ခွေးထက် နောက်ကျပါသတဲ့။ အထက်က ပုံကတော့ နော်ဝေနိုင်ငံက တောကြောင် တစ်မျိုးပါ။

ကြောင်ကို ကမ္ဘာအနှံ့ ချစ်မြတ်နိုးစွာ မွေးမြူကြပါတယ်။

ဒီအထက်က ပုံကတော့ မြန်မာပြည်က ကြောင်လို့ မူရင်း ဆောင်းပါးမှာ ဖော်ပြပါတယ်။
မူလ အစက လူတွေဟာ တောရိုင်းတိရိစ္ဆာန်တွေကို အမဲလိုက်ရာမှာ အကူအညီ ရဖို့နဲ့ အသားကို သတ်စားဖို့ အိမ်မှာ မွေးကြတာပါတဲ့။

ဒါက Canadian Sphynx cat  ပါ။
ကြောင်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ လောက်ကတည်းက အီဂျစ်လူမျိုးတွေ စတင်မွေးခဲ့ကြပါသတဲ့။

ကမ္ဘာပေါ်မှာ ကြောင်အမွေးဆုံးက အမေရိကန်နဲ့ သြစတြေးလျ ပါ။
အာရှမှာ ကြောင်အမွေးဆုံးက အင်ဒိုနီးရှားဖြစ်ပြီး ကောင်ရေ သန်း ၃၀ ကျော် ရှိပါတယ်တဲ့။ ဥရောပမှာတော့ ပြင်သစ်က ကောင်ရေ ၈သန်းနဲ့ ဗိုလ်စွဲပါတယ်။

ဒါက European short-haired ကြောင်။ ကြွက်ခုတ် အရမ်းတော်တယ်လို့ နာမည်ကြီးတယ်။

ဒီ အထက်ကပုံက American Curl ကြောင်။



ကြောင်ဟာ အနံ့ခံရာမှာ ခွေးထက်တောင် တော်ပါသတဲ့။
ပထမ ကမ္ဘာစစ်တုန်းက အဆိပ်ငွေ့ ရှာဖွေဘို့ British army  မှာ ကြောင်တပ်ဖွဲ့ တစ်ခု ထူထောင်ခဲ့ဘူးသတဲ့။ 



လက်ရှိ England မှာလည်း British Museum  ရဲ့ ပစ္စည်းတွေ မပျက်စီးရအောင် ကူညီ စောင့်ရှောက်သူအဖြစ် ကြောင်တွေကို ထိန်းသိမ်းရာမှာ နိုင်ငံတော်က စားရိတ် ထောက်ပံ့ပေးနေပါတယ်တဲ့။

ကြောင်တွေဟာ လေ့ကျင့် သင်ကြားပေးလို့ရတယ်။ ယေဘုယျအားဖြင့် ကြောင်တွေဟာ လှောင်ပိတ်ထားတာကို မကြိုက်ကြပါဘူးတဲ့။
ကဲ နိုင်ငံတကာ ကြောင်များနေ့ အထိမ်းအမှတ် ဆောင်းပါလေးကို ဘာသာပြန် ဖော်ပြလိုက်ပါတယ်။

Thursday, 1 March 2012

လူမှုဆက်ဆံရေး ပြေလည်အောင် ဘယ်လိုနေထိုင်ကြမလဲ

လူမှုဆက်ဆံရေး ပြေလည်အောင် ဘယ်လိုနေထိုင်ကြမလဲ
          လူရယ်လို့ ဖြစ်လာရင် တစ်ယောက်ထဲ နေလို့မရပါ။ အခြားသူများနဲ့ ပေါင်းသင်း ဆက်ဆံရပါတယ်။ အိမ်မှာနေတော့ အခြား မိသားစုဝင်များ ဖြစ်တဲ့ အဖေ၊ အမေ၊ ညီ၊ အစ်ကို၊ မောင်၊ နှမ စတာတွေနဲ့ ဆက်ဆံရမယ်။ ကျောင်းနေရင် ကျောင်းသူ၊ ကျောင်းသား၊ ဆရာ ၊ ကျောင်းဝန်ထမ်း စတာတွေနဲ့ ဆက်ဆံရမယ်။ အလုပ်ခွင် ၀င်ရင် လုပ်ဖော်ကိုင်ဖက်၊ အထက်လူကြီး၊ လက်အောက်ငယ်သား စတာတွေနဲ့ ဆက်ဆံရမယ်။ လမ်းသွားရင် ဘတ်စကား စပါယ်ယာ၊ ဈေးသည်၊ ယာဉ်ထိန်းရဲ စတာတွေနဲ့ ဆက်ဆံရမယ်။ တစ်ယောက်ထဲ နေလို့ မရပါဘူး။
          အဲဒီလို မဖြစ်မနေ လူတစ်ဦးနဲ့တစ်ဦး ဆက်ဆံကြရတဲ့အခါမှာ ပြဿနာ ကြီးငယ်တွေ ဖြစ်တတ် ကြုံတတ်ပါတယ်။ ကျောင်းသား နဲ့ ဆရာ၊ မိဘနဲ့ သားသမီး၊ အထက်နဲ့ အောက်ဝန်ထမ်း၊ ယာဉ်ထိန်းရဲ နဲ့ ခရီးသွားလုပ်သားပြည်သူ၊ ဈေးသည်နဲ့ ဈေးဝယ် စသူတို့ အကြားမှာ ပြဿနာ မကြာခဏ ပေါ်တတ်ကြတာ သဘာဝပါဘဲ။ ပြဿနာ လုံးဝ မပေါ်အောင် လုပ်လို့မရပါဘူး။ ကြီးရင်ကြီးမယ်။ ငယ်ရင်ငယ်မယ်။ ဒီနေရာမှာ မပေါ်ရင် နောက်တနေရာမှာ ပေါ်မှာ ပါဘဲ။ ဒီတော့ ပြဿနာ မပေါ်အောင် လုပ်မယ် ဆိုတာထက် အကြောင်းအားလျော်စွာ ပေါ်လာတဲ့ ပြဿနာကို ဘယ်လိုပြေလည်အောင် ဖြေရှင်းမလဲလို့ စဉ်းစားတာထက် နောင်အလားတူ ပြဿနာ မပေါ်အောင် ဘယ်လို ဆက်လက်နေထိုင် လုပ်ကိုင်သွားမလဲ ဆိုတာကိုသာ ရှာဖွေကြရမှာပါဘဲ။
          ဒါကြောင့် ပြဿနာတစ်ရပ်ကို ရင်ဆိုင် ကိုင်တွယ် ဖြေရှင်းရာမှာ ထားရှိသင့်တဲ့ သဘော ထား၊ အခြေခံရမယ့် အယူအဆ၊ လိုက်နာသင့်တဲ့ ဥပဒေသတွေကို စဉ်းစားတင်ပြပေးချင်ပါတယ်။
၁။ ရှောင်လိုက်ရင် လတ်တလောဘဲ ပြေလည်မယ်။  ပြဿနာ ဖြေရှင်းဘို့ ၂နည်းရှိပါတယ်။ တစ်နည်းက ရှောင်လိုက်တာနဲ့ နောက်တစ်နည်းက ပြဿနာအရင်းခံ အကြောင်းရှာပြီး အခြေအနေ ကို ပြောင်းလဲပေးတဲ့ ဖြေရှင်းနည်းပါဘဲ။ ပြဿနာပေါ်နေတဲ့ နှစ်ဘက်ကိုမတွေ့အောင်  ရှောင်လိုက်ရင် ပြဿနာ မရှိနိုင်တော့ပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေမှာ ရှောင်မရတာတွေ ရှိတတ်ပါတယ်။ အထက်လူကြီးနဲ့ ပြဿနာဖြစ်ပြီ ဆိုပါတော့။ အလုပ်ပြောင်းလိုက်နိုင်ရင်တော့ ဒီလူကြီးနဲ့ ပြဿနာ မရှိနိုင်တော့ ပါဘူး။ ဒါပေမယ့် အလွယ်တကူ အလုပ်သစ်တစ်ခုကို မပြောင်းနိုင်ခင်မှာတော့ ပြဿနာ ပိုမိုဆိုးရွား မလာအောင် အဖြေရှာ ပြုပြင်ဖြေရှင်းနည်းကို သုံးရပါမယ်။ နောက်တစ်ခု စဉ်းစားရမှာက နောက်အလုပ်မှာကော နောက်လူကြီးနဲ့ နောက်ပြဿနာတစ်မျိုး ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် ရှောင်ရှားနည်းဟာ ရေရှည်အတွက် ဖြေရှင်းနည်း အဖြေမှန် မဟုတ်ပါဘူး။ ယာယီ ပြေလည်ဖို့ ပြဿနာ ပိုမို မကြီးထွားလာဘို့ဘဲ ဖြစ်ပါတယ်။ ရှောင်လိုက်တဲ့နည်းကိုလဲ လိုအပ်ရင် သုံးသင့်ပါတယ်။ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာ မသိသေးခင် ရှောင်နေတာ အကောင်းဆုံးပါဘဲ။ သို့သော် ရာသက်ပန်ရှောင်လို့မရ ဆိုတာ သတိပြုပါ။ လူမှန်ရင် လူတွေကြားမှာ နေရမှာလေ။ ဒီတော့ ယာယီဖြေရှင်းဖို့ ရှောင်နေတဲ့နည်းကိုသုံး ရေရှည်ပြေလည်ဖို့ ကိုတော့ အဖြေရှာ ပြုပြင်တဲ့နည်းကို သုံးရပါမယ်။
၂။  ပြဿနာရယ်လို့ ဖြစ်လာရင် နှစ်ဘက်လုံးမှာ တာဝန်ရှိတယ်။ မှန်ပါတယ်။ ပြဿနာတစ်ရပ် ပေါ်ပေါက်လာပြီဆိုရင် နှစ်ဘက်စလုံးဟာ ပြဿနာ ပေါ်စေတဲ့ အကြောင်းတရားထဲမှာ ပါနေတယ်ဆိုတာ သဘောပေါက်ထားရပါမယ်။ နှစ်ဘက်စလုံး မှားပါတယ်။ လုံးဝ တစ်ဘက်က မှန်ပြီး တစ်ဘက်က လုံးဝမှားတယ် ဆိုတာမရှိပါ။ ဘာကြောင့်လဲဆိုတော့ အမှန်တရားဟာ ရပ်တည်သုံးသပ်မှုအပေါ် မူတည်ပြောင်းလဲတတ်လို့ပါဘဲ။ Absolute Truth ဆိုတာ တော်တော်ရှားပါတယ်။ တစ်ဘက်က သူ့ဟာသူ မှန်နေသလို ကျန်တစ်ဖက်ကလည်း သူ့အတွေးနဲ့သူ မှန်နေတာပါဘဲ။ အမှန်တရားက တစ်ဘက်အတွက် တစ်ခုဖြစ်နေတာကိုး။ ရပ်တည်ချက် မတူရင် လက်ခံထားတဲ့ အမှန်တရား မတူနိုင်ပါ။ အဲဒီ မတူတဲ့ အမှန်တရား နှစ်ခုကြောင့်လဲ ပြဿနာ ပေါ်တာပါ။ ဒါကြောင့် ပြဿနာပေါ်တိုင်း ငါမှန်ရဲ့သားနဲ့ ဆိုတဲ့ အတွေးကို ဖျောက်ပါ။ ငါမှန်တယ်ထင်လို့ လုပ်လိုက်တာ ဘယ်တစ်ခုက သူ့အတွက် ငါ့အမှားလို့ မြင်စရာ ဖြစ်သွားလဲဆိုတာကို ရှာဖွေတတ်ရပါမယ်။ အဲဒါ ပြဿနာ ပြေလည်ဘို့ လမ်းစပါဘဲ။
၃။ ကိုယ်ကိုယ့်ကို ပြောင်းလဲနိုင်အောင် လုပ်ပါ။ ပြဿနာရယ်လို့ ဖြစ်လာရင် အကြောင်းတရား တစ်ခုခုကို ပြောင်းပေးမှ ပြေလည်မှာပေါ့။ အကြောင်း မရှိဘဲ အကျိုးမဖြစ်ပါဘူး။ ကိုယ့်မှာ ပြဿနာဆိုတဲ့ အကျိုးတရားတစ်ခု ပေါ်ပေါက်လာဖို့မှာ ကိုယ်ကိုယ်တိုင်က အကြောင်းတရား အနေနဲ့ ပါနေပါတယ်။ အဲဒီအကြောင်းတရားကို မှန်ကန်စွာ ရှာဖွေ ဖယ်ရှားနိုင်ရင် ပြဿနာပြေလည်ဖို့ အကြောင်းတရား ရမှာပါ။ သူနဲ့ကိုယ် ပြဿနာဖြစ်ရင် သူပြောင်းရင်ပြောင်း၊ ကိုယ်ပြောင်းရင်ပြောင်း၊ ဒါမှမဟုတ် နှစ်ယောက်လုံး ပြောင်းနိုင်ရင် ပြောင်းပေါ့။ မပြောင်းရင် ပြဿနာ ဆက်ဖြစ်နေမှာပေါ့။ ဒီနေရာမှာ တစ်ဘက်သား ပြောင်းအောင် လုပ်ဖို့ဆိုတာ လွယ်မယောင်နဲ့ ခက်ပါတယ်။ သူ့ကိုပြောင်းလဲအောင် မလုပ်နိုင်ရင် ကိုယ်ပြောင်းလဲရမှာပေါ့။
၎။ အပြောင်းအလဲတစ်ခုမှာ တုန့်ပြန်မှု သေချာပေါက် ရှိတယ်။ သူမပြောင်းရင် ကိုယ်ပြောင်းလို့ ပြောခဲ့ပါတယ်။ ကိုယ်က စပြောင်းရမှာပေါ့။ ကိုယ်ပြောင်းလာရင် သူလဲ ပြောင်းလဲလာတတ် ပါတယ်။ ဒါသဘာဝပါ။ ကိုယ်လုပ်ဆောင်တာ တစ်ခုကို ပြောင်းလိုက်ရင် သူကလည်း တုန့်ပြန်ပုံ ပြောင်းကို ပြောင်းပါတယ်။ ဒီလိုနဲ့ ပြဿနာပြေလည်ရာ အဆုံးကို ရောက်နိုင်ပါတယ်။ ကိုယ်က အော်နေရင် သူကလည်းလေသံမာလာပြီး ကိုယ်က ချိုချိုသာသာ ပြောရင် သူလည်း လေသံပျော့လာနိုင်ပါတယ်။ ဒီနေရာမှာ ကိုယ်ဘယ်လိုပြောင်းမလဲ ဆိုတာ အရေးကြီးလာပြန်တယ်။
၅။ ယထာဘူတအမြင်နဲ့ ရှုမြင်သုံးသပ်ပါ။ ပြဿနာ ဆိုတဲ့ အကျိုးတရားတခုဟာ အကြောင်းတရားရှိလို့ ဆိုတာ ပြောခဲ့ပါပြီ။ အကြောင်း မရှိရင် အကျိုး မလာပါ။ အကျိုးကို မကြိုက်ရင် အကြောင်းရင်း အမှန်ကိုရှာပြီး ပယ်ဖျောက်ရှင်းလင်း လိုက်ရင် ပြီးတာပါဘဲ။ အကြောင်းရင်းမှန်ကို မြင်နိုင်ဖို့ ယထာဘူတ အမြင်နဲ့ သုံးသပ်ရပါမယ်။   ယထာဘူတ အမြင်ရှိဖို့ သမာဓိကောင်းရပါမယ်တဲ့။ စိတ်တည်တည် ငြိမ်ငြိမ် ရှိရမယ်ပေါ့။ ဒီလိုရှုမြင်တတ်ရင် အဖြေမှန်ကို ရှာတွေ့မှာပါ။