Saturday, 25 February 2012

အဂတိတရားလေးပါး


အဂတိတရား ၄ပါး
အဂတိတရားတွေကို ဖြစ်စေတဲ့ အကြောင်းတရားတွေကို အဂတိတရားလို့ ခေါ်နေကြတာပါ။ အဂတိဆိုတဲ့ အဓိပ္ပာယ်က ဘာပါလဲ။ မလုပ်သင့် တာ လုပ်မှု၊ မလိုက်သင့်တဲ့ ဘက်ကိုလိုက်မှု၊ မသင့်လျော်သော ဘက်လိုက်မှု ကိုခေါ်ပါတယ်။ မြတ်စွာဘုရားကတော့ အဂတိ ဂမဏ လို့ ဟောတယ်။ အဂတိလိုက်သော သူတစ်ယောက်တွင် ဖြစ်ပေါ်နေသော စိတ်သည် အပါယ်ကို လားစေနိုင်သော အကုသိုလ်တရားများ ဖြစ်သည်။ အကုသိုလ် ဖြစ်တာမို့ သေလွန်ပြီးနောက် အပါယ်ကို လားစေနိုင်တယ်။ လက်ရှိ လောကီလူ့ဘုံ လောကအလည်မှာလည်း dignity လို့ ခေါ်တဲ့ ဂုဏ်သိက္ခာတွေ ယုတ်လျော့ ညှိုးနွမ်း ပျက်ပြယ်စေတယ်။ ဆန့်ကျင်ဘက်အားဖြင့် အဂတိ မလိုက်သူကတော့ ဂုဏ်သိက္ခာတွေ တစ်နေ့တစ်ခြား တိုးပွားနေမယ်။ အရိယာ ဖြစ်ရင် သောတာပန်ကစလို့ အဂတိ မလိုက်တော့ပါဘူးတဲ့။ အဂတိဆိုတာ အပါယ်လားစေတဲ့ တရား ဆိုတော့ အပါယ်တံခါး ပိတ်နေပြီဆိုတဲ့ သောတာပန်မှာ ဘယ်ရှိပါတော့မလဲ။
ယေဘုယျအားဖြင့် အဂတိတရားဆိုတာ ဓမ္မနဲ့ ဆန့်ကျင်တဲ့ လမ်းဘဲ။ လောကမှာ လိုက်နာရမယ့် စည်းကမ်းတွေနဲ့ ဆန့်ကျင်တဲ့ တရားတွေဘဲ။ ကိုယ်ကျင့်တရား ပျက်ပြားတဲ့ လမ်းဘဲ။ တစ်နည်း ပြောရရင် ဒုစရိုက်တရား ၁၀ ပါးဘဲ။ ထပ်ဆိုရရင် အကုသလ ကမ္မပထ တရား ၁၀ပါး ဘဲ။ အဂတိတရားကို ဖြစ်ပေါ်စေတဲ့ အကြောင်းတရားက ၄ ပါးရှိတယ်။ အဂတိတရား လေးပါးလို့ ပြောလေ့ရှိကြပါတယ်။
၁။ ဆန္ဒာဂတိ၊
၂။ ဒေါသာဂတိ၊ 
၃။ဘယာဂတိ၊
၎။ မောဟာဂတိ တို့ပါတဲ့။
ဆန္ဒာဂတိအကြောင်း အရင်ပြောပါမယ်။ ဆန္ဒ ဆိုတာ ဒီနေရာမှာ လောဘ ကို ညွှန်းပါတယ်။ တဏှာလောဘကို အခြေခံပြီး ဓမ္မလမ်းက သွေဖယ်ကာ တစ်ဦးတစ်ယောက်ကို ညှာတာလိုသော သဘော၊ အသာပေးလိုသော အနိုင်သတ်မှတ် ပေးလိုသော သဘော ဖြစ်ပါတယ်။ ဆန္ဒကို အခြေခံ ကာ ဓမ္မလမ်းကြောင်းကနေ သွေဖယ်သွားတာ ဖြစ်လို့ ဆန္ဒ + အဂတိ = ဆန္ဒာဂတိ လို့ ခေါ်ပါတယ်။
ဒေါသာဂတိအကြောင်း ဆက်ပြောပါမယ်။ ဒေါသ ဆိုတာ ဒီနေရာမှာ အလိုမကျမှု မနှစ်သက်မှု မုန်းတီးမှုကို ညွှန်းပါတယ်။ ဒေါသကို အခြေခံပြီး ဓမ္မလမ်းက သွေဖယ်ကာ တစ်ဦးတစ်ယောက်ကို နှိမ့်ချလိုသော သဘော၊ ဖိနှိပ်ဟန့်တားလိုသော အရှုံးသတ်မှတ်ပေးလိုသော သဘော ဖြစ်ပါတယ်။ ဒေါသကို အခြေခံ ကာ ဓမ္မလမ်းကြောင်းကနေ သွေဖယ်သွားတာ ဖြစ်လို့ ဒေါသ + အဂတိ = ဒေါသာဂတိ လို့ ခေါ်ပါတယ်။
     မောဟာဂတိအကြောင်း ဆက်ပြောပါမယ်။ မောဟ ဆိုတာ အမှား အမှန် လုပ်သင့် မလုပ်သင့် ခွဲခြားနိုင်မှု မရှိတာကို ညွှန်းပါတယ်။ အမှန်မသိမှုကို အခြေခံပြီး ဓမ္မလမ်းက သွေဖယ်ကာ တစ်ဦးတစ်ယောက်ကို ဘက်လိုက်ပေးလိုသောသဘော ဖြစ်ပါတယ်။ မောဟကို အခြေခံ ကာ ဓမ္မလမ်းကြောင်းကနေ သွေဖယ်သွားတာ ဖြစ်လို့ မောဟ + အဂတိ = မောဟာဂတိ လို့ ခေါ်ပါတယ်။
နောက်ဆုံးတစ်ခုက ဘယာဂတိ ပါ။ ဘယ ဆိုတာ ကြောက်ရွံ့တာပါ။ ကြောက်ရွံ့ခြင်းဟာ ဒေါသရဲ့ ပုံစံတစ်မျိုးပါဘဲ။ ကျဒေါသလို့ ပြောပါတယ်။ အကုသိုလ်ကို ကြောက်တာကတော့ ပညာဖြစ်ပါတယ်။ ဒေါသ မနှစ်သက်မှုကို အခြေခံပြီး ကြောက်တာကိုတော့ ဘယ လို့ခေါ်ပါတယ်။  ကြောက်ရွံ့မှုကို အခြေခံပြီး ဓမ္မလမ်းက သွေဖယ်ကာ တစ်ဦးတစ်ယောက်ကို ဘက်လိုက်ပေးလိုသောသဘော ဖြစ်ပါတယ်။ ဘယကို အခြေခံ ကာ ဓမ္မလမ်းကြောင်းကနေ သွေဖယ်သွားတာ ဖြစ်လို့ ဘယ + အဂတိ = ဘယာဂတိ လို့ ခေါ်ပါတယ်။

အနှစ်ချုပ် စကားပြေနဲ့ ပြောရရင်တော့
၁။ ချစ်၍ အသာ/အနိုင်ပေးခြင်း။
၂။ မုန်း၍ ဖိနှိပ်/အရှုံးပေးခြင်း။
၃။ ကြောက်၍ မှားယွင်းဆုံးဖြတ်ခြင်း။
၎။ မသိနားမလည် ပညာနည်းပါး၍ မှားယွင်းဆုံးဖြတ်ခြင်း ……
တို့ဖြစ်ပါတယ်။ မမှန်ကန်တဲ့ အကြောင်းတရားတွေကို အခြေခံလို့ ဓမ္မ၊ စည်းကမ်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ် ထုံးစံ တွေနဲ့ ဆန့်ကျင် ဆုံးဖြတ် လုပ်ဆောင်တာကို အဂတိ လိုက်တယ်လို့ ခေါ်ရမှာပါဘဲ။
သေချာစေ့ငု လေ့လာကြည့်လိုက်တော့ အဂတိတရားကို ဖြစ်ပွားပေါ်ပေါက်စေသော အကြောင်းတရားများဟာ ၄ချက် ရှိပေမယ့် လောဘ၊ဒေါသ၊မောဟ ရယ်လို့ အနှစ်ချုပ် သွားတွေ့ပါတယ်။ အဂတိလိုက်စားတယ်ဆိုတာ လောဘ၊ဒေါသ၊မောဟ တွေကို အခြေခံပြီး အကုသိုလ်တွေ ဖြစ်နေတာပါဘဲ။ ပဌာန်းမှာဟောတဲ့ ဟေတုပစ္စယောဆိုတဲ့ ဟိတ်တွေဘဲ။ အကုသိုလ် တရားတွေရဲ့ ရေသောက်မြစ်သဖွယ် ဖြစ်ပါသတဲ့။ လောဘ၊ဒေါသ၊မောဟ လွှမ်းမိုးနေသော လူတစ်ယောက်ဟာ မှန်မှန်ကန်ကန် မမြင်နိုင် မဆုံးဖြတ်နိုင်တော့ဘူးပေါ့။ 
လောဘ၊ ဒေါသ၊ မောဟ ကြောင့် အဂတိဖြစ်စေတယ် ဆိုတော့ အဂတိမဖြစ်စေချင်ရင် သူတို့ကို ဖယ်ရှားနိုင်အောင် ကြိုးစားရမှာပေါ့။ ဘယ်လိုဖယ်ရှားရမလဲ။ အလောဘ၊ အဒေါသ၊ အမောဟ တွေနဲ့ ဖယ်ရှားရမှာပါ။ အလောဘ ဟာ လိုချင်မှု လောဘရဲ့ ဆန့်ကျင်ဘက် ဒါန ပါ။ လိုချင်တပ်မက် စွဲလမ်းမှုတွေကို စွန့်ပြီး လှူဒန်း ပေးကမ်း စွန့်ကြဲနိုင်အောင် ကြိုးစားခြင်းဖြင့် လောဘကို ဖယ်နိုင်တယ်။ အဒေါသ ဟာ ဒေါသရဲ့ ဆန့်ကျင်ဘက် မေတ္တာပါ။ သတ္တ၀ါအားလုံးအပေါ် မေတ္တာထားနိုင်အောင် ကြိုးစားခြင်းဖြင့် ဒေါသကို ဖယ်နိုင်တယ်။ အမောဟ ဆိုတာ ပညာ ပါ။ အဘိဓမ္မာတရားကို သေချာနားလည်အောင် လေ့လာခြင်းဖြင့် အမောဟကို ဖယ်ရှားနိုင်ပါတယ်။
အချုပ်ဆိုရရင် အဂတိတရားတွေ ကိုယ့်မှာ မဖြစ်အောင် လောဘ၊ ဒေါသ၊ မောဟ ကင်းအောင် ကြိုးစား အားထုတ်ရမယ်။  လောဘ၊ ဒေါသ၊ မောဟ ကင်းအောင် ဆိုတာကလည်း  ၀ိပဿနာအားထုတ်နိုင်မှ လောဘ၊ဒေါသ၊မောဟ ကင်းနိုင်မယ်။ ၀ိပဿနာအားထုတ်ဖို့ဟာ အဘိဓမ္မာ ကို လေ့လာဖို့ လိုတယ်။ 
ဒါကြောင့်  
အဘိဓမ္မာကို လေ့လာ၊ 
ဝိပဿနာကို မှန်ကန်စွာ အားထုတ်ခြင်းဖြင့် 
အဂတိတရားများကို ဖယ်ရှားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။



Friday, 24 February 2012

မှတ်သားစရာလေးတွေ

မသိသေးသူတွေ သိအောင်
ဗဟုသုတ ပေါ့

credit to RIA Novosti

Thursday, 23 February 2012

Net ပေါ်မှာ တွေ့လာတာလေးတွေ

ဟဲ့ ငါက နင့်ပုံ ရိုက်ပေးမလို့
ဘာရယ်မဟုတ် သဘောကျလို့
ချစ်စရာလေး
ကိုယ့်လူ ရှေ့မှာ မဲမနေနဲ့ နောက်မှာပါသွားပြီ




သေပီ ဆရာ



စာမေးပွဲ ဖြေတာ ပိုင်လိုက်ပုံ



တို့ ကောက်ရရင်တော့ ပိုရတဲ့ဆီသွားပေးမယ်

ဟေ့ကောင် ဖုန်းဆက်ဦးမယ် ခဏဖယ်ပေး
သူလဲ ချစ်စရာလေး
စိတ်ဝင်စားစရာ ဒေတာ
အသုံးအဆောင်တစ်ခုကို ကျားနဲ့မ သုံးစွဲပုံ သုတေသနတဲ့

ကိုယ်တိုင် ရိုက်ထားတာလေးတွေ နောက်မှ တင်ပေးမယ်
ခု တော့ ဒီလောက်ဘဲ။
Credit to LOL & funcage

Wednesday, 22 February 2012

ကာယနုပဿနာ သတိပဌာန်


ကာယနုပဿနာ သတိပဌာန်
မဟာသတိပဌာနသုတ်မှာ ကာယ၊ ဝေဒနာ၊ စိတ္တာ၊ ဓမ္မာ ဆိုတဲ့ အာရုံ ၄ မျိုးအနက် ကာယကို အဖန်ဖန်ရှုမှတ်ခြင်း ကာယနုပဿနာ အကြောင်းတင်ပြပါမယ်။ ကာယနှင့် ပတ်သက်၍ အာရုံ ၁၄ မျိုး ဟောထားပါသည်။ ပထမဆုံး ၀င်လေ ထွက်လေကို အာရုံယူ ရှုမှတ်ဖို့ ဟောပါတယ်။ လူတိုင်း အသက်ရှင်နေသ၍ အသက် ရှုသွင်း ရှုထုတ်နေကြတယ်။ မရှူတာနဲ့ သေမှာပါ။ ဒါပေမယ့် ထိုဝင်လေထွက်လေ အပေါ်မှာ သိနေအောင် သတိကပ်ပြီး နေလေ့မရှိကြပါဘူး။ ဒီဝင်လေ ထွက်လေကို အာနာပါန လို့ ခေါ်ကြတာပါ။ တရားစခန်းတွေမှာ ပေးလေ့ရှိတဲ့ ကမ္မဌာန်းတရားပါ။ လေကို ရှူသွင်း ရှူထုတ် နေတာ အာရုံတစ်ခုဘဲ။ ဒီအာရုံကို သတိနဲ့ ကပ်ပြီး ဥာဏ်ကသိအောင် တွဲပြီး အလုပ်လုပ်ရင်း လေ့ကျင့်ရတာပါဘဲ။ အာနာပါန ပဗ္ဗ ပါတဲ့။
တခါ လူတွေဟာ နေ့စဉ် လျောင်း၊ ထိုင်၊ ရပ်၊သွား တစ်ခုမဟုတ် တစ်ခုနဲ့ နေ နေကြရပါတယ်။ ဣရိယာပုထ် ၄ ပါး လို့လဲ ခေါ်ကြပါတယ်။ သို့သော်လည်း မိမိရဲ့ လျောင်း၊ ထိုင်၊ ရပ်၊သွား အနေအထား အပေါ်မှာ အာရုံယူ သတိမရှိကြပါဘူး။ အခြားတပါးကို စိတ်ရောက်နေတာ များပါတယ်။ ဒါကို ဒုတိယ အာရုံအဖြစ် ယူနိုင်ကြောင်း ဟောပါတယ်။ ဣရိယာပထ ပဗ္ဗ ပါတဲ့။
တတိယ အနေနဲ့ လျောင်း၊ ထိုင်၊ ရပ်၊သွား ထဲမှာ မပါတဲ့ ကြား အမူအယာ လှုပ်ရှားမှုတွေကိုလဲ သတိကပ်ဖို့ ဟောပါတယ်။ အ၀တ်ဝတ်တာ၊ ပစ္စည်း ယူတာကိုင်တာ၊ အပေါ့အပါး သွားတာ စတာတွေကို သတိကပ်ဖို့ ပြောပါတယ်။ အိနြေ္ဒရရ ကြည့်တဲ့ တည့်တည့်ကြည့်တာနဲ့ စောင်းငဲ့ကြည့်တာ နှစ်ခုကိုလဲ ပေးပါတယ်။ သမ္ပဇာန ပဗ္ဗ ပါတဲ့။
စတုတ္ထအနေနဲ့ ၃၂ ကောဌာသကို ရှုမှတ်နေဖို့ ဟောပါတယ်။ ပဋိကူလ မနသိကာရ ပဗ္ဗ တဲ့။ ရွံရှာ စရာတွေကို အာရုံပြု နှလုံးသွင်းခိုင်းတာပါတဲ့။
ပဉ္စမအနေနဲ့ ကိုယ်ထဲမှာရှိနေတဲ့ ဓာတ်ကြီး ၄ ပါးကို ပေးပါတယ်။ ဓာတု မနသိကာရ ပဗ္ဗ ပါတဲ့။ ဓာတ်ကြီး ၄ ပါးကို တစ်ခုချင်း ရှုရပါတယ်။
ထပ်ပြီးတော့ သေဆုံးပြီးနောက် အချိန်ကာလအလျောက် ပြောင်းလဲနေတဲ့ ရုပ်အလောင်း ၉ မျိုးကို ပေးပါတယ်။ န၀သိဝိထိက ပဗ္ဗ လို့ ဆိုပါတယ်။ ရုပ်အလောင်း ၉မျိုးနဲ့ အထက်က ၅ မျိုး ပေါင်း ၁၄ မျိုး ဖြစ်ပါတယ်။
တရားအားမထုတ်မီ အခြေခံအားဖြင့် ပညာ နဲ့ သမာဓိကတော့ တည်ထားရပါမယ်။ အားထုတ်တော့မယ် ဆိုရင်တော့ လိုအပ်တဲ့ အချက်တွေမှာ ပထမဆုံး ၀ီရိယလို့ ခေါ်တဲ့ ကြိုးစား အားထုတ်မှုပါဘဲ။ သမ္မာ ၀ါယမပါ။ နောက် လိုအပ်တာက သမ္မာ ဒိဌိ နဲ့ သမ္မာ သင်္ကပ္ပ ပါ။ အဲဒါတွေကို သတိက စုစည်းထိန်းသိမ်းပေးရပါတယ်။ သမ္မာသတိ ပါ။ သမ္မာ ၀ါယမ၊ သမ္မာ ဒိဌိ နဲ့ သမ္မာ သင်္ကပ္ပ၊ သမ္မာသတိ၊ သမ္မာသမာဓိ  မဂ္ဂင်  ၅ ပါး  တာဝန်ကိုယ်စီယူမှ ပေါက်မြောက်ပါလိမ့်မယ်။ ကာရက မဂ္ဂင်တွေလို့ ဆိုပါတယ်။ တရားအားထုတ်ရင် သူတို့က အလုပ်လုပ်ပေးရတာပါ။ တစ်ခုအလုပ်ကို နောက်တစ်ခုက မယူပေးနိုင်ပါ။ သတိက အာရုံကို ယူပေးတယ်။ သိတာက ဥာဏ်က သိတယ်။ တရားအားထုတ်နေစဉ်မှာ သမ္မာဝါစာ၊ သမ္မာအာဇီဝ၊ သမ္မာကမ္မ န္တ တွေ ဖြစ်တဲ့ စကားပြောနေတာ၊ အသက်မွေးနေတာ၊ အလုပ်လုပ်ကိုင်နေတာတွေ မပါဘူး။ ကြိုတင်ပြီး သီလစင်ကြယ်အောင်တော့ ပျိုးထောင်ထားရတယ်။ တရားအားထုတ်ချိန်မှာ တကယ် အလုပ်လုပ်တာက ဒီမဂ္ဂင် ၅ ပါး ပါ။ မဂ်စိတ် ပေါ်ရင်တော့ မဂ္ဂင်ရှစ်ပါး တစ်ပြိုင်တည်း ပါရတယ် လို့ ဆိုပါတယ်။
တရားအားထုတ်ရာမှာ မြတ်စွာဘုရားက လိုက်နာရမယ့် အချက်တွေ ညွှန်ပြပါသေးတယ်။ ပထမဆုံး နေရာကို ညွှန်ပြပါတယ်။ အရညဂတောဝါ တဲ့။ လူသူမနီးတဲ့ ဆိတ်ငြိမ်တဲ့ အရပ် တောရပ်ကို ညွှန်ပြပါတယ်။ သမာဓိ ပိုကောင်းအောင် ဖြစ်နိုင်ပါတယ်။ ရုက္ခမူလ ဂတောဝါ တဲ့။ ရုက္ခ က သစ်ပင် မူလ က အနီးအနားလို့ ဆိုပါတယ်။အကိုင်းအခက်တွေ ဝေဆာနေတဲ့ သစ်ရိပ်ကောင်းတဲ့ သစ်ပင်ကြီးအရိပ်ခို ကျင့်စေလိုတဲ့ သဘောထင်ပါတယ်။  သုညဂါရ ဂတောဝါ တဲ့။ အခြားဘယ်သူမှ မရှိတဲ့ နေရာအရပ် အဆောက်အဦ လို့ ဆိုပါတယ်။ ၀ါ ၊ ၀ါ ဆိုတာက တစ်ခုမဟုတ် တစ်ခု ကြိုက်တာ ရွေးနိုင်ပါတယ်။
နောက် အာနာပါန ကို ထိုင်ပြီး အားထုတ်ခိုင်းပါတယ်။နိသီရတိ တဲ့။ ဆက်လက်ပြီး ပလ္လင်ကံ အာဘုဇိတွာ တဲ့။ တင်ပလ္လင်ခွေ ထိုင်ခိုင်းပါတယ်။ အမျိုးသမီးတွေကတော့ ဒူးတုပ် ကြုံ့ကြုံ့ ထိုင်နိုင်ပါတယ်။ ဥဇုံကာယံ ပဏိဓာရ ခါးအထက်ပိုင်း ကိုဖြောင့်စွာ ထားပါတဲ့။ ပြီးရင် သတိလေးကို ကမ္မဌာန်း အာရုံရှိရာကို ပို့လွှတ်လိုက်ပါတဲ့။ ကာယနုပဿနာ သတိပဌာန် အားထုတ်မယ် ဆိုရင် အထက်က ပေးထားတဲ့ အာရုံ ၁၄ ခုအနက်က တစ်ခုခု နှစ်သက်ရာကို အာရုံယူ အားထုတ်နိုင်ပါတယ်။
ဝိပဿနာ အလုပ်ဆိုတာ လုပ်ကြည့်မှ သိလာမှာပါ။

Saturday, 11 February 2012

မဟာသတိပဌာနသုတ်


မဟာ ဆိုသည်မှာ ကြီးကျယ်သော မြင့်မြတ်သော သာလွန်သော ဟု အဓိပ္ပာယ် ရပါသည်။ သုတ္တံ အားလုံးတို့ထက် ရှည်လျားသော၊ သာလွန်သော၊ မြင့်မြတ်သောကြောင့် မဟာသတိပဌာနသုတ် ဟု ခေါ်ဆိုကြောင်း သိရပါသည်။ သတိပဌာန ဟူသည်မှာလည်း  သတိ + ပဌာန (သို့မဟုတ်) သတိ + ဥပဌာန ဖြစ်ပါသည်။ ထို့ကြောင့် သတိ ပဌာန် ဟူသည် အာရုံပေါ်တွင် တည်နေသော သတိတရား ဟူသော အနက်ကို ပေးပါသည်။
သတိတွင်အဓိပ္ပာယ် နှစ်ခုရှိသည်။ ပထမတစ်ခုမှာ အာရုံကိုအမှတ်ရခြင်း မမေ့ခြင်း (Memory) ဖြစ်ပြီး တွေ့ကြုံဖူးသော အာရုံဟောင်းနှင့်ဆိုင်သည်။ နောက်တစ်ခုမှာ အာရုံတစ်ခုကို စူးစိုက် သိနေခြင်း (Mindfulness) ဖြစ်ပြီး လက်ရှိဖြစ်နေသော ကြုံတွေ့နေရသော အာရုံနှင့် ဆိုင်သည်။ မိမိတို့တွင် လက်ရှိ ဖြစ်ပေါ်နေသော ကာယ၊ စိတ္တ၊ ဝေဒနာ၊ ဓမ္မ၊ အာရုံ ၄ ရပ်အပေါ်တွင် မပြတ် ယှဉ်ကပ်နေသော စူးစိုက်သိရှိနေမှု တရားသည်ပင် သတိပဌာန်တရား ဖြစ်ပါသည်။ 
ဤနေရာတွင် သတိက တစ်ခုတည်းဖြစ်ပြီး အာရုံကသာ ၄ ခု ကွဲနေတာ ဖြစ်သည်။ Mindfulness established on four foundations. ဟု ဆိုနိုင်ပေမည်။ မြတ်စွာဘုရားသခင်က သတိပဌာန်တရားကို ဧကယန ဟုဆိုသည်။ ဧက ဆိုသည်မှာ  unique သူမတူအောင် ထူးခြားခြင်း အတုမရှိခြင်း ဖြစ်ပြီး၊ ယန ဟူသည် way, path, practice လမ်းကြောင်း ကျင့်စဉ်ဟု ဆိုနိုင်ပါသည်။ သတိကို အာရုံတစ်ခုခု၌ မှန်ကန်စွာ ထားခြင်းသည် ထွက်မြောက်ရာအမှန် မြတ်နိဗ္ဗာန်သို့ ရောက်နိုင်သော တစ်ခုတည်းသောလမ်း၊ အတုမရှိသော ပန်းတိုင် (နိဗ္ဗာန်) ကို ရောက်စေမည့်လမ်း၊ တစ်ဦးတည်းသွားရမည့်လမ်း၊ သူမတူအောင် ထူးခြားသူတို့ မြင့်မြတ်သူတို့ ကျင့်ရမည့် ကျင့်နိုင်မည့် လမ်း /ကျင့်စဉ်ဟု ဆိုကြပါသည်။
သတိကို မှန်ကန်စွာ ထားခြင်းကြောင့် ရနိုင်မည့် အကျိုးများကို (၇) မျိုး ဟောထားပါသည်။
၁။ ကိလေသာအညစ်အကြေးများ ကင်းသွားစေနိုင်သည်။
၂။ သောကများ ကင်းဝေးသွားစေနိုင်သည်။
၃။ ပရိဒေ၀များ ကင်းဝေးသွားစေနိုင်သည်။
၎။ ဒုက္ခများ ကင်းဝေးသွားစေနိုင်သည်။
၅။ ဒေါမနသ တွေ ကင်းဝေးသွားစေနိုင်သည်။
၆။ နိဗ္ဗာန်ကို ပို့ဆောင်ပေးနိုင်သော ဥာဏ်လမ်းကြောင်းပေါ်ကို ရောက်စေသည်။
၇။ နိဗ္ဗာန်ကို ကိုယ်တိုင် သိရှိသွားစေနိုင်သည်။
          သတိပဌာန် ကျင့်စဉ်တရားဟာ ဒီအကျိုး(၇)ခု ရနိုင်စေဖို့ တစ်ခုတည်းသော ကျင့်စဉ်ဖြစ်တယ်။ တခြား နည်းလမ်း မရှိပေဘူး။ လူများသည် နေ့စဉ် အာရုံတစ်ခုခုနှင့်တွေ့တိုင်း လောဘ၊ဒေါသ၊မောဟ ကိလေသာ အညစ်အကြေးတွေဖြစ်နေသည်။ သတိပဌာန်တရားကို အားထုတ်ခြင်းဖြင့် ထိုအညစ်အကြေးတွေက ကင်းဝေးတဲ့ ဖြူစင်တဲ့ စိတ်ကိုရနိုင်သည်။ လူတိုင်း နေ့စဉ် တစ်ခုမဟုတ် တစ်ခုအတွက် သောက ပရိဒေ၀ ပူဆွေးနေရသည်။ ဒုက္ခ ဒေါမနသ ဖြစ်နေရသည်။သတိတရားကို မှန်ကန်စွာ ထားခြင်းဖြင့် ကိလေသ၊ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနသ တွေ ကင်းဝေးမယ်။ နိဗ္ဗာန်ကို ပို့မယ့် လမ်းကြောင်း အမှန်ပေါ်ကို ရောက်သွားပြီး နောက်ဆုံးမှာ နိဗ္ဗာန်ကို ကိုယ်တိုင် တွေ့မြင်သိရှိ သွားနိုင်သည်။
          ဒီအကျိုးတွေ ရနိုင်ဖို့ သတိကို ကာယ၊ စိတ္တ၊ ဝေဒနာ၊ ဓမ္မ အာရုံ(၄) မျိုးအပေါ်မှာ မှန်ကန်စွာ ထားခြင်းဟာ သတိပဌာန်ကျင့်စဉ် ပါဘဲ။ သတိကို မှန်ကန်စွာ ထူထောင်တဲ့ ကျင့်စဉ် ဖြစ်သည်။ ဘာကြောင့် ဒီအာရုံ ၄ ခု ပေးရတာလဲ။ ၀ိပ္ပလ္လာသ ဆိုတဲ့ မှားယွင်းနေမှု တရားတွေကို ဖယ်ရှားစေချင်လို့ ဖြစ်တယ်။လူတွေဟာ အသိမှား၊ အမှတ်မှား၊ အယူမှားနေကြတယ်။ ကိုယ့် ခန္ဓာကိုယ်ကြီးကို သုဘ လို့ထင်နေကြတယ်။ ဒါကို အသုဘ လို့ အမှန်အတိုင်း သိစေချင်လို့ ကာယနုပသနာကို ဟောပါတယ်။ ခံစားရသမျှ ဝေဒနာတွေကိုလဲ သုခလို့ ထင်နေကြတယ်။ အဲဒီလို  ဒုက္ခလို့ မြင်လာအောင် ဝေဒနာ နုပသနာ ဟောပါတယ်။ မိမိတို့ရဲ့ စိတ်ကလေးကိုလဲ မြဲနေတယ် အမြဲရှိနေတယ် နိစ္စလို့ ထင်နေတာကို အမှန်အတိုင်း အနိစ္စလို့ သိအောင် စိတ္တာနုပသနာကို ဟောပါတယ်။ ဖြစ်ပျက်နေတဲ့ တရားတွေဟာ အတ္တလို့ ထင်နေတာကို အနတ္တလို့ သိမြင်လာအောင် ဓမ္မာ နုပသနာကို ဟောပါတယ်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ တရားတွေကို အမှန်အတိုင်း မြင်လာအောင်ဖြစ်တယ်။
နောက်တနည်းအားဖြင့်ကတော့ ၀ိပသနာ အားထုတ်ရာမှာ သမထ ယာနိက နဲ့ ၀ိပသနာ ယာနိက နှစ်နည်းရှိပါတယ်။ သမထ နဲ့သွားမယ့် သူတွေအတွက် ဥာဏ်နဲသူကို ကာယနုပသနာကို ညွှန်ပြပြီး ဥာဏ်ထက်မြက်သူတွေကို ဝေဒနာနုပသနာကို ဟောပါတယ်။ ၀ိပသနာလမ်းကြောင်းနဲ့ သွားမယ့် သူတွေအနက် မထက်မြက်သူကို စိတ္တာနုပသနာ ဟောပြီး ထက်မြက်သူကို ဓမ္မာနုပသနာ ဟောပါတယ်။ သမထယာနိက အတွက် အာရုံ ၂မျိုး ၀ိပသနာယာနိကအတွက် အာရုံ ၂မျိုး ပေးပါတယ်။
လောကမှာ တဏှာ အဖြစ်များပြီး အတွယ်အတာများသူနဲ့ အမြင်မှားသူ ဒိဌိအဖြစ်များသူ ဆိုပြီး ၂မျိုးရှိတယ်လို့ အဌကထာ ဆရာများက ဆိုပြန်ပါတယ်။ တဏှာအတွယ်အတာ နဲနဲဆိုရင် ကာယ၊ လွန်ကဲသူဆိုရင် ဝေဒနာ၊ ဒိဌိ ဖြစ်သူမှာ ဥာဏ်နည်းသူကို စိတ္တာ၊  ဥာဏ်ထက်သူကို ဓမ္မာ စသည်ဖြင့် ပေးပါသတဲ့။
သတိကို ထူထောင်ရာတွင် သတိတစ်ခုတည်းနှင့် မဖြစ်ပါ။ စုပေါင်း ပါဝင်ရမယ့် အင်္ဂါတွေက ၃ ခု ရှိပါတယ်။ သတိ အပြင် ၀ီရိယ နှင့် ပညာ တို့ပါမှ ကောင်းမွန် မှန်ကန်စွာ သတိကို ထူထောင်နိုင်မည် ဖြစ်သည်။ ဖယ်ရှားရမှာက အင်္ဂါ ၂ ခု ဖြစ်ပါတယ်။ အဘိဇ္ဈာနဲ့ ဒေါမနဿ တို့ ဖြစ်ပါတယ်။ဒီနေရာမှာ အဘိဇ္ဈာဆိုတာဟာ ကိုယ်တွေ့ကြုံလာရတဲ့ အာရုံတစ်ခုခုကို နှစ်သက်တဲ့အခါ ထပ်မံလိုချင်တာ ကြံဆောင်နေတာဖြစ်ပါတယ်။ သူတပါးပိုင်ဆိုင်မှုကို လိုချင်တပ်မက်တဲ့ အဘိဇ္ဈာ မဟုတ်ပါ။ ဒေါမနဿကတော့ အာရုံတစ်ခုခု မနှစ်သက်တာ တွေ့လာတဲ့ အခါ အလိုမကျတဲ့ ခံစားမှု ဖြစ်ပါတယ်။
နိဗ္ဗာန် ရောက်ဖို့ရာမှာ ဒီသတိပဌာန်တရား ၄ပါး လိုအပ်တယ်။ ဒီ ၄ပါး နဲ့လုံလောက်တယ်။ ဒါ့အပြင် ဒီသတိပဌာန်မပါဘဲ နိဗ္ဗာန်ရောက်သူ မရှိဘူး။ သံသရာ ၀ဋ်ဆင်းရဲက လွတ်မြောက်ပြီး တစ်မဂ် တစ်ဖိုလ် ရသွားသူတိုင်းဟာ နိဝရဏလို့ခေါ်တဲ့ ပိတ်ဆို့နေတဲ့ တရား ၅ ပါးကို ဖယ်ရှားကာ သတိပဌာန်တရား လေးပါးအပေါ်မှာ အခြေပြုပြီး ဗောဇ္ဈင် (၇)ပါးကို ပွားပြီးမှ ရရှိသွားတာချည့်ဘဲ ဖြစ်တယ်။
ဗောဇ္ဈင် (၇)ပါး ဆိုတာကတော့ သတိ, ဓမ္မဝိစယ, ဝီရိယ, ပီတိ, ပဿဒ္ဓိ, သမာဓိ, ဥပေက္ခာ တို့ဖြစ်တယ်။ ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ တို့အပေါ် မှန်ကန်စွာ ထားတတ်သော သတိက သတိသမ္ဗောဇ္ဈင်, ထိုတရားတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ ဖြစ်ကြောင်း မှန်ကန်စွာ ထိုးထွင်းသိတတ်သော ဝိပဿနာဉာဏ်က ဓမ္မဝိစယသမ္ဗောဇ္ဈင်, ထိုဝိပဿနာ ဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော ဝီရိယက ဝီရိယသမ္ဗောဇ္ဈင်, အမှန်အတိုင်း သိမြင်လာမှုအပေါ် ၀မ်းသာကျေနပ်မှု ပီတိက ပီတိသမ္ဗောဇ္ဈင်, ပဿဒ္ဓိက ပဿဒ္ဓိ သမ္ဗောဇ္ဈင်, သမာဓိက သမာဓိသမ္ဗောဇ္ဈင်, တတြမဇ္ဈတ္တတာစေတသိက်က ဥပေက္ခာသမ္ဗောဇ္ဈင် အသီးသီးတို့ ဖြစ်ကြပါသည်။
ဒါဟာ နိဗ္ဗာန် ရောက်လိုသူတိုင်း ဧကယန တစ်ခုတည်းသော မဖြစ်မနေ လုပ်ရမယ့် လုပ်ငန်းစဉ်ဘဲ။ တခြားနည်းလမ်း မရှိဘူး။ နှေးတာနဲ့ မြန်တာဘဲ ကွာနိုင်တယ်။ အရိယာအားလုံး ဒီနည်းလမ်းနဲ့ ဒီကျင့်စဉ်နဲ့ဘဲ ရောက်သွားကြတာဖြစ်တယ်။ တခြားနည်းနဲ့ ရောက်နိုင်တာ မရှိပါ။ ကမ္မဌာန်း တရားအားထုတ်တယ်ဆိုသူတွေဟာ သမာဓိကို ပျိုးထောင်၊ နိဝရဏ တရားတွေကို ဖယ်ရှား၊ သတိကို ထူထောင် သတိပဌာန်တရား အပေါ်မှာ အခြေစိုက်ပြီး ဗောဇ္ဈင် ၇ပါးကို ပွားများခြင်းဖြင့် သံသရာ ၀ဋ်ဆင်းရဲက လွတ်မြောက်ကြရတယ်။ အရိယာ ဖြစ်ရန် သတိပဌာန်မှအပ အခြားနည်း ဖြတ်လမ်းနည်း မရှိပါ။

(ဆရာတော် ဒေါက်တာနန္ဒမာလာ ဘိဝံသ  ၏ တရားများကို အဓိက နာယူရေးသားပါသည်။ ဘုရားဟော ကျမ်းဂန်များနှင့် မညီညွတ်ပါက တည့်မတ်ပေးကြပါရန် ပန်ကြားအပ်ပါသည်။)

Wednesday, 8 February 2012

နောင်တ ရတယ်ဆိုတာ


နောင်တ ရတယ်ဆိုတာ
အော် ငါ ဒါကို လုပ်လိုက်မိလေခြင်း.......
ဒါမှမဟုတ် အော်..... ငါဒါကို မလုပ်လိုက်မိလေခြင်း...လို့
ဖြစ်ပျက်လုပ်လို့ ပြီးသွားတာ တစ်ခုအပေါ်မှာ
စိတ်မကောင်းဖြစ်တာ... စိုးရိမ်ပူပန်တာပေါ့။

ဒီထက်ပိုပြောရရင်တော့
အော် ငါ ဒါကို လုပ်လိုက်မိလေခြင်း.......မလုပ်လိုက်ရင်ကောင်းမှာ
ဒါမှမဟုတ်
အော်..... ငါဒါကို မလုပ်လိုက်မိလေခြင်း...လုပ်လိုက်မိရင်ကောင်းမှာ လို့ဖြစ်မိတာပေါ့။

တနည်းပြောရရင်
ငါဒါကို လုပ်လိုက်ရင်ကောင်းမှာဘဲ
သို့မဟုတ် မလုပ်ဘဲ ရှောင်လိုက်ရင် ကောင်းမှာဘဲ လို့ ဖြစ်မိတာပေါ့။

တဆင့်ထပ်တွေးရင်
အလုပ်တစ်ခုကို လုပ်ခဲ့တဲ့အချိန်တုန်းက
လုပ်ခွင့် ရှိပြီးမလုပ်ခဲ့မိလို့
မလုပ်ဘဲရှောင်နိုင်ခွင့်ရှိပေမယ့် မရှောင်ဘဲလုပ်ခဲ့မိလို့
နောင်တရတာဖြစ်ပါတယ်။
လုပ်သင့်တာကို မလုပ် ၊ မလုပ်သင့်တာကို လုပ်ခဲ့မိတာပေါ့။
သတိ မရှိခဲ့တာ နည်းခဲ့တာ ပေါ့။

ဒါကြောင့် ဘုရားက သတိဆိုတာ ပိုတယ်မရှိဘူးလို့ ပြောခဲ့တာပါ။
သတိလွတ်စေတဲ့ အရက် မူးယစ်ဆေးဝါးလဲ ရှောင်ဖို့ ဘုရားက ပြောခဲ့တယ်လေ။

လူတိုင်း အမှားနဲ့ မကင်းကြပေမယ့်
အမှားကြောင့် ပျက်စီးမှုဟာ အဖတ်မဆယ်နိုင်လောက်အောင်ကြီးမားနိုင်တယ်ဆိုရင်တော့ ဘ၀ပါထိတာပေါ့။

ဘ၀ မထိအောင် နောင်တမရအောင် ကြိုတင်ရှောင်ရမယ်။
သတိလွတ်လို့ ဖြစ်တဲ့အမှားကိုတော့ သတိထားလိုက်ရင် ရှောင်နိုင်တယ်
ဥာဏ်နည်းလို့ ဖြစ်တဲ့အမှားကတော့ မရှောင်နိုင်ပါဘူး
ကြိုတင်ပြီး အသိဥာဏ်ဖြည့်ဆည်းထားရမယ်။

သတိဆိုတာ ကိုယ်ဘာလုပ်နေတယ်ဆိုတာ သေသေချာချာ သိနေတာမျိုးပေါ့။
သတိလက်လွတ်လုပ်ပြီး ကိုယ်တိုင်၊ ကိုယ့်ကျေးဇူးရှင်၊ ကိုယ့်ကို မေတ္တာထားသူ၊ ကိုယ့်ပတ်ဝန်းကျင်၊ တွေကို
စိတ်မချမ်းမသာဖြစ်အောင် မလုပ်သင့်ဘူးပေါ့။

သတိတစ်ခု အကျိုးရှိအောင် သုံးနိုင်ကြပါစေ.....

CYK