အဂတိတရား ၄ပါး
အဂတိတရားတွေကို ဖြစ်စေတဲ့ အကြောင်းတရားတွေကို အဂတိတရားလို့ ခေါ်နေကြတာပါ။ အဂတိဆိုတဲ့ အဓိပ္ပာယ်က ဘာပါလဲ။ မလုပ်သင့် တာ လုပ်မှု၊ မလိုက်သင့်တဲ့ ဘက်ကိုလိုက်မှု၊ မသင့်လျော်သော ဘက်လိုက်မှု ကိုခေါ်ပါတယ်။ မြတ်စွာဘုရားကတော့ အဂတိ ဂမဏ လို့ ဟောတယ်။ အဂတိလိုက်သော သူတစ်ယောက်တွင် ဖြစ်ပေါ်နေသော စိတ်သည် အပါယ်ကို လားစေနိုင်သော အကုသိုလ်တရားများ ဖြစ်သည်။ အကုသိုလ် ဖြစ်တာမို့ သေလွန်ပြီးနောက် အပါယ်ကို လားစေနိုင်တယ်။ လက်ရှိ လောကီလူ့ဘုံ လောကအလည်မှာလည်း dignity လို့ ခေါ်တဲ့ ဂုဏ်သိက္ခာတွေ ယုတ်လျော့ ညှိုးနွမ်း ပျက်ပြယ်စေတယ်။ ဆန့်ကျင်ဘက်အားဖြင့် အဂတိ မလိုက်သူကတော့ ဂုဏ်သိက္ခာတွေ တစ်နေ့တစ်ခြား တိုးပွားနေမယ်။ အရိယာ ဖြစ်ရင် သောတာပန်ကစလို့ အဂတိ မလိုက်တော့ပါဘူးတဲ့။ အဂတိဆိုတာ အပါယ်လားစေတဲ့ တရား ဆိုတော့ အပါယ်တံခါး ပိတ်နေပြီဆိုတဲ့ သောတာပန်မှာ ဘယ်ရှိပါတော့မလဲ။
ယေဘုယျအားဖြင့် အဂတိတရားဆိုတာ ဓမ္မနဲ့ ဆန့်ကျင်တဲ့ လမ်းဘဲ။ လောကမှာ လိုက်နာရမယ့် စည်းကမ်းတွေနဲ့ ဆန့်ကျင်တဲ့ တရားတွေဘဲ။ ကိုယ်ကျင့်တရား ပျက်ပြားတဲ့ လမ်းဘဲ။ တစ်နည်း ပြောရရင် ဒုစရိုက်တရား ၁၀ ပါးဘဲ။ ထပ်ဆိုရရင် အကုသလ ကမ္မပထ တရား ၁၀ပါး ဘဲ။ အဂတိတရားကို ဖြစ်ပေါ်စေတဲ့ အကြောင်းတရားက ၄ ပါးရှိတယ်။ အဂတိတရား လေးပါးလို့ ပြောလေ့ရှိကြပါတယ်။
၁။ ဆန္ဒာဂတိ၊
၂။ ဒေါသာဂတိ၊
၃။ဘယာဂတိ၊
၎။ မောဟာဂတိ တို့ပါတဲ့။
၁။ ဆန္ဒာဂတိ၊
၂။ ဒေါသာဂတိ၊
၃။ဘယာဂတိ၊
၎။ မောဟာဂတိ တို့ပါတဲ့။
ဆန္ဒာဂတိအကြောင်း အရင်ပြောပါမယ်။ ဆန္ဒ ဆိုတာ ဒီနေရာမှာ လောဘ ကို ညွှန်းပါတယ်။ တဏှာလောဘကို အခြေခံပြီး ဓမ္မလမ်းက သွေဖယ်ကာ တစ်ဦးတစ်ယောက်ကို ညှာတာလိုသော သဘော၊ အသာပေးလိုသော အနိုင်သတ်မှတ် ပေးလိုသော သဘော ဖြစ်ပါတယ်။ ဆန္ဒကို အခြေခံ ကာ ဓမ္မလမ်းကြောင်းကနေ သွေဖယ်သွားတာ ဖြစ်လို့ ဆန္ဒ + အဂတိ = ဆန္ဒာဂတိ လို့ ခေါ်ပါတယ်။
ဒေါသာဂတိအကြောင်း ဆက်ပြောပါမယ်။ ဒေါသ ဆိုတာ ဒီနေရာမှာ အလိုမကျမှု မနှစ်သက်မှု မုန်းတီးမှုကို ညွှန်းပါတယ်။ ဒေါသကို အခြေခံပြီး ဓမ္မလမ်းက သွေဖယ်ကာ တစ်ဦးတစ်ယောက်ကို နှိမ့်ချလိုသော သဘော၊ ဖိနှိပ်ဟန့်တားလိုသော အရှုံးသတ်မှတ်ပေးလိုသော သဘော ဖြစ်ပါတယ်။ ဒေါသကို အခြေခံ ကာ ဓမ္မလမ်းကြောင်းကနေ သွေဖယ်သွားတာ ဖြစ်လို့ ဒေါသ + အဂတိ = ဒေါသာဂတိ လို့ ခေါ်ပါတယ်။
မောဟာဂတိအကြောင်း ဆက်ပြောပါမယ်။ မောဟ ဆိုတာ အမှား အမှန် လုပ်သင့် မလုပ်သင့် ခွဲခြားနိုင်မှု မရှိတာကို ညွှန်းပါတယ်။ အမှန်မသိမှုကို အခြေခံပြီး ဓမ္မလမ်းက သွေဖယ်ကာ တစ်ဦးတစ်ယောက်ကို ဘက်လိုက်ပေးလိုသောသဘော ဖြစ်ပါတယ်။ မောဟကို အခြေခံ ကာ ဓမ္မလမ်းကြောင်းကနေ သွေဖယ်သွားတာ ဖြစ်လို့ မောဟ + အဂတိ = မောဟာဂတိ လို့ ခေါ်ပါတယ်။
နောက်ဆုံးတစ်ခုက ဘယာဂတိ ပါ။ ဘယ ဆိုတာ ကြောက်ရွံ့တာပါ။ ကြောက်ရွံ့ခြင်းဟာ ဒေါသရဲ့ ပုံစံတစ်မျိုးပါဘဲ။ ကျဒေါသလို့ ပြောပါတယ်။ အကုသိုလ်ကို ကြောက်တာကတော့ ပညာဖြစ်ပါတယ်။ ဒေါသ မနှစ်သက်မှုကို အခြေခံပြီး ကြောက်တာကိုတော့ ဘယ လို့ခေါ်ပါတယ်။ ကြောက်ရွံ့မှုကို အခြေခံပြီး ဓမ္မလမ်းက သွေဖယ်ကာ တစ်ဦးတစ်ယောက်ကို ဘက်လိုက်ပေးလိုသောသဘော ဖြစ်ပါတယ်။ ဘယကို အခြေခံ ကာ ဓမ္မလမ်းကြောင်းကနေ သွေဖယ်သွားတာ ဖြစ်လို့ ဘယ + အဂတိ = ဘယာဂတိ လို့ ခေါ်ပါတယ်။
အနှစ်ချုပ် စကားပြေနဲ့ ပြောရရင်တော့
၁။ ချစ်၍ အသာ/အနိုင်ပေးခြင်း။
၂။ မုန်း၍ ဖိနှိပ်/အရှုံးပေးခြင်း။
၃။ ကြောက်၍ မှားယွင်းဆုံးဖြတ်ခြင်း။
၎။ မသိနားမလည် ပညာနည်းပါး၍ မှားယွင်းဆုံးဖြတ်ခြင်း ……
တို့ဖြစ်ပါတယ်။ မမှန်ကန်တဲ့ အကြောင်းတရားတွေကို အခြေခံလို့ ဓမ္မ၊ စည်းကမ်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ် ထုံးစံ တွေနဲ့ ဆန့်ကျင် ဆုံးဖြတ် လုပ်ဆောင်တာကို အဂတိ လိုက်တယ်လို့ ခေါ်ရမှာပါဘဲ။
သေချာစေ့ငု လေ့လာကြည့်လိုက်တော့ အဂတိတရားကို ဖြစ်ပွားပေါ်ပေါက်စေသော အကြောင်းတရားများဟာ ၄ချက် ရှိပေမယ့် လောဘ၊ဒေါသ၊မောဟ ရယ်လို့ အနှစ်ချုပ် သွားတွေ့ပါတယ်။ အဂတိလိုက်စားတယ်ဆိုတာ လောဘ၊ဒေါသ၊မောဟ တွေကို အခြေခံပြီး အကုသိုလ်တွေ ဖြစ်နေတာပါဘဲ။ ပဌာန်းမှာဟောတဲ့ ဟေတုပစ္စယောဆိုတဲ့ ဟိတ်တွေဘဲ။ အကုသိုလ် တရားတွေရဲ့ ရေသောက်မြစ်သဖွယ် ဖြစ်ပါသတဲ့။ လောဘ၊ဒေါသ၊မောဟ လွှမ်းမိုးနေသော လူတစ်ယောက်ဟာ မှန်မှန်ကန်ကန် မမြင်နိုင် မဆုံးဖြတ်နိုင်တော့ဘူးပေါ့။
လောဘ၊ ဒေါသ၊ မောဟ ကြောင့် အဂတိဖြစ်စေတယ် ဆိုတော့ အဂတိမဖြစ်စေချင်ရင် သူတို့ကို ဖယ်ရှားနိုင်အောင် ကြိုးစားရမှာပေါ့။ ဘယ်လိုဖယ်ရှားရမလဲ။ အလောဘ၊ အဒေါသ၊ အမောဟ တွေနဲ့ ဖယ်ရှားရမှာပါ။ အလောဘ ဟာ လိုချင်မှု လောဘရဲ့ ဆန့်ကျင်ဘက် ဒါန ပါ။ လိုချင်တပ်မက် စွဲလမ်းမှုတွေကို စွန့်ပြီး လှူဒန်း ပေးကမ်း စွန့်ကြဲနိုင်အောင် ကြိုးစားခြင်းဖြင့် လောဘကို ဖယ်နိုင်တယ်။ အဒေါသ ဟာ ဒေါသရဲ့ ဆန့်ကျင်ဘက် မေတ္တာပါ။ သတ္တ၀ါအားလုံးအပေါ် မေတ္တာထားနိုင်အောင် ကြိုးစားခြင်းဖြင့် ဒေါသကို ဖယ်နိုင်တယ်။ အမောဟ ဆိုတာ ပညာ ပါ။ အဘိဓမ္မာတရားကို သေချာနားလည်အောင် လေ့လာခြင်းဖြင့် အမောဟကို ဖယ်ရှားနိုင်ပါတယ်။
အချုပ်ဆိုရရင် အဂတိတရားတွေ ကိုယ့်မှာ မဖြစ်အောင် လောဘ၊ ဒေါသ၊ မောဟ ကင်းအောင် ကြိုးစား အားထုတ်ရမယ်။ လောဘ၊ ဒေါသ၊ မောဟ ကင်းအောင် ဆိုတာကလည်း ၀ိပဿနာအားထုတ်နိုင်မှ လောဘ၊ဒေါသ၊မောဟ ကင်းနိုင်မယ်။ ၀ိပဿနာအားထုတ်ဖို့ဟာ အဘိဓမ္မာ ကို လေ့လာဖို့ လိုတယ်။
ဒါကြောင့်
အဘိဓမ္မာကို လေ့လာ၊
ဝိပဿနာကို မှန်ကန်စွာ အားထုတ်ခြင်းဖြင့်
အဂတိတရားများကို ဖယ်ရှားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

No comments:
Post a Comment