Wednesday, 22 February 2012

ကာယနုပဿနာ သတိပဌာန်


ကာယနုပဿနာ သတိပဌာန်
မဟာသတိပဌာနသုတ်မှာ ကာယ၊ ဝေဒနာ၊ စိတ္တာ၊ ဓမ္မာ ဆိုတဲ့ အာရုံ ၄ မျိုးအနက် ကာယကို အဖန်ဖန်ရှုမှတ်ခြင်း ကာယနုပဿနာ အကြောင်းတင်ပြပါမယ်။ ကာယနှင့် ပတ်သက်၍ အာရုံ ၁၄ မျိုး ဟောထားပါသည်။ ပထမဆုံး ၀င်လေ ထွက်လေကို အာရုံယူ ရှုမှတ်ဖို့ ဟောပါတယ်။ လူတိုင်း အသက်ရှင်နေသ၍ အသက် ရှုသွင်း ရှုထုတ်နေကြတယ်။ မရှူတာနဲ့ သေမှာပါ။ ဒါပေမယ့် ထိုဝင်လေထွက်လေ အပေါ်မှာ သိနေအောင် သတိကပ်ပြီး နေလေ့မရှိကြပါဘူး။ ဒီဝင်လေ ထွက်လေကို အာနာပါန လို့ ခေါ်ကြတာပါ။ တရားစခန်းတွေမှာ ပေးလေ့ရှိတဲ့ ကမ္မဌာန်းတရားပါ။ လေကို ရှူသွင်း ရှူထုတ် နေတာ အာရုံတစ်ခုဘဲ။ ဒီအာရုံကို သတိနဲ့ ကပ်ပြီး ဥာဏ်ကသိအောင် တွဲပြီး အလုပ်လုပ်ရင်း လေ့ကျင့်ရတာပါဘဲ။ အာနာပါန ပဗ္ဗ ပါတဲ့။
တခါ လူတွေဟာ နေ့စဉ် လျောင်း၊ ထိုင်၊ ရပ်၊သွား တစ်ခုမဟုတ် တစ်ခုနဲ့ နေ နေကြရပါတယ်။ ဣရိယာပုထ် ၄ ပါး လို့လဲ ခေါ်ကြပါတယ်။ သို့သော်လည်း မိမိရဲ့ လျောင်း၊ ထိုင်၊ ရပ်၊သွား အနေအထား အပေါ်မှာ အာရုံယူ သတိမရှိကြပါဘူး။ အခြားတပါးကို စိတ်ရောက်နေတာ များပါတယ်။ ဒါကို ဒုတိယ အာရုံအဖြစ် ယူနိုင်ကြောင်း ဟောပါတယ်။ ဣရိယာပထ ပဗ္ဗ ပါတဲ့။
တတိယ အနေနဲ့ လျောင်း၊ ထိုင်၊ ရပ်၊သွား ထဲမှာ မပါတဲ့ ကြား အမူအယာ လှုပ်ရှားမှုတွေကိုလဲ သတိကပ်ဖို့ ဟောပါတယ်။ အ၀တ်ဝတ်တာ၊ ပစ္စည်း ယူတာကိုင်တာ၊ အပေါ့အပါး သွားတာ စတာတွေကို သတိကပ်ဖို့ ပြောပါတယ်။ အိနြေ္ဒရရ ကြည့်တဲ့ တည့်တည့်ကြည့်တာနဲ့ စောင်းငဲ့ကြည့်တာ နှစ်ခုကိုလဲ ပေးပါတယ်။ သမ္ပဇာန ပဗ္ဗ ပါတဲ့။
စတုတ္ထအနေနဲ့ ၃၂ ကောဌာသကို ရှုမှတ်နေဖို့ ဟောပါတယ်။ ပဋိကူလ မနသိကာရ ပဗ္ဗ တဲ့။ ရွံရှာ စရာတွေကို အာရုံပြု နှလုံးသွင်းခိုင်းတာပါတဲ့။
ပဉ္စမအနေနဲ့ ကိုယ်ထဲမှာရှိနေတဲ့ ဓာတ်ကြီး ၄ ပါးကို ပေးပါတယ်။ ဓာတု မနသိကာရ ပဗ္ဗ ပါတဲ့။ ဓာတ်ကြီး ၄ ပါးကို တစ်ခုချင်း ရှုရပါတယ်။
ထပ်ပြီးတော့ သေဆုံးပြီးနောက် အချိန်ကာလအလျောက် ပြောင်းလဲနေတဲ့ ရုပ်အလောင်း ၉ မျိုးကို ပေးပါတယ်။ န၀သိဝိထိက ပဗ္ဗ လို့ ဆိုပါတယ်။ ရုပ်အလောင်း ၉မျိုးနဲ့ အထက်က ၅ မျိုး ပေါင်း ၁၄ မျိုး ဖြစ်ပါတယ်။
တရားအားမထုတ်မီ အခြေခံအားဖြင့် ပညာ နဲ့ သမာဓိကတော့ တည်ထားရပါမယ်။ အားထုတ်တော့မယ် ဆိုရင်တော့ လိုအပ်တဲ့ အချက်တွေမှာ ပထမဆုံး ၀ီရိယလို့ ခေါ်တဲ့ ကြိုးစား အားထုတ်မှုပါဘဲ။ သမ္မာ ၀ါယမပါ။ နောက် လိုအပ်တာက သမ္မာ ဒိဌိ နဲ့ သမ္မာ သင်္ကပ္ပ ပါ။ အဲဒါတွေကို သတိက စုစည်းထိန်းသိမ်းပေးရပါတယ်။ သမ္မာသတိ ပါ။ သမ္မာ ၀ါယမ၊ သမ္မာ ဒိဌိ နဲ့ သမ္မာ သင်္ကပ္ပ၊ သမ္မာသတိ၊ သမ္မာသမာဓိ  မဂ္ဂင်  ၅ ပါး  တာဝန်ကိုယ်စီယူမှ ပေါက်မြောက်ပါလိမ့်မယ်။ ကာရက မဂ္ဂင်တွေလို့ ဆိုပါတယ်။ တရားအားထုတ်ရင် သူတို့က အလုပ်လုပ်ပေးရတာပါ။ တစ်ခုအလုပ်ကို နောက်တစ်ခုက မယူပေးနိုင်ပါ။ သတိက အာရုံကို ယူပေးတယ်။ သိတာက ဥာဏ်က သိတယ်။ တရားအားထုတ်နေစဉ်မှာ သမ္မာဝါစာ၊ သမ္မာအာဇီဝ၊ သမ္မာကမ္မ န္တ တွေ ဖြစ်တဲ့ စကားပြောနေတာ၊ အသက်မွေးနေတာ၊ အလုပ်လုပ်ကိုင်နေတာတွေ မပါဘူး။ ကြိုတင်ပြီး သီလစင်ကြယ်အောင်တော့ ပျိုးထောင်ထားရတယ်။ တရားအားထုတ်ချိန်မှာ တကယ် အလုပ်လုပ်တာက ဒီမဂ္ဂင် ၅ ပါး ပါ။ မဂ်စိတ် ပေါ်ရင်တော့ မဂ္ဂင်ရှစ်ပါး တစ်ပြိုင်တည်း ပါရတယ် လို့ ဆိုပါတယ်။
တရားအားထုတ်ရာမှာ မြတ်စွာဘုရားက လိုက်နာရမယ့် အချက်တွေ ညွှန်ပြပါသေးတယ်။ ပထမဆုံး နေရာကို ညွှန်ပြပါတယ်။ အရညဂတောဝါ တဲ့။ လူသူမနီးတဲ့ ဆိတ်ငြိမ်တဲ့ အရပ် တောရပ်ကို ညွှန်ပြပါတယ်။ သမာဓိ ပိုကောင်းအောင် ဖြစ်နိုင်ပါတယ်။ ရုက္ခမူလ ဂတောဝါ တဲ့။ ရုက္ခ က သစ်ပင် မူလ က အနီးအနားလို့ ဆိုပါတယ်။အကိုင်းအခက်တွေ ဝေဆာနေတဲ့ သစ်ရိပ်ကောင်းတဲ့ သစ်ပင်ကြီးအရိပ်ခို ကျင့်စေလိုတဲ့ သဘောထင်ပါတယ်။  သုညဂါရ ဂတောဝါ တဲ့။ အခြားဘယ်သူမှ မရှိတဲ့ နေရာအရပ် အဆောက်အဦ လို့ ဆိုပါတယ်။ ၀ါ ၊ ၀ါ ဆိုတာက တစ်ခုမဟုတ် တစ်ခု ကြိုက်တာ ရွေးနိုင်ပါတယ်။
နောက် အာနာပါန ကို ထိုင်ပြီး အားထုတ်ခိုင်းပါတယ်။နိသီရတိ တဲ့။ ဆက်လက်ပြီး ပလ္လင်ကံ အာဘုဇိတွာ တဲ့။ တင်ပလ္လင်ခွေ ထိုင်ခိုင်းပါတယ်။ အမျိုးသမီးတွေကတော့ ဒူးတုပ် ကြုံ့ကြုံ့ ထိုင်နိုင်ပါတယ်။ ဥဇုံကာယံ ပဏိဓာရ ခါးအထက်ပိုင်း ကိုဖြောင့်စွာ ထားပါတဲ့။ ပြီးရင် သတိလေးကို ကမ္မဌာန်း အာရုံရှိရာကို ပို့လွှတ်လိုက်ပါတဲ့။ ကာယနုပဿနာ သတိပဌာန် အားထုတ်မယ် ဆိုရင် အထက်က ပေးထားတဲ့ အာရုံ ၁၄ ခုအနက်က တစ်ခုခု နှစ်သက်ရာကို အာရုံယူ အားထုတ်နိုင်ပါတယ်။
ဝိပဿနာ အလုပ်ဆိုတာ လုပ်ကြည့်မှ သိလာမှာပါ။

1 comment:

  1. ကျေးဇူးအထူးတင်ပါကြောင်း....

    ReplyDelete