မဟာ ဆိုသည်မှာ ကြီးကျယ်သော မြင့်မြတ်သော သာလွန်သော ဟု အဓိပ္ပာယ် ရပါသည်။ သုတ္တံ အားလုံးတို့ထက် ရှည်လျားသော၊ သာလွန်သော၊ မြင့်မြတ်သောကြောင့် မဟာသတိပဌာနသုတ် ဟု ခေါ်ဆိုကြောင်း သိရပါသည်။ သတိပဌာန ဟူသည်မှာလည်း သတိ + ပဌာန (သို့မဟုတ်) သတိ + ဥပဌာန ဖြစ်ပါသည်။ ထို့ကြောင့် သတိ ပဌာန် ဟူသည် အာရုံပေါ်တွင် တည်နေသော သတိတရား ဟူသော အနက်ကို ပေးပါသည်။ သတိတွင်အဓိပ္ပာယ် နှစ်ခုရှိသည်။ ပထမတစ်ခုမှာ အာရုံကိုအမှတ်ရခြင်း မမေ့ခြင်း (Memory) ဖြစ်ပြီး တွေ့ကြုံဖူးသော အာရုံဟောင်းနှင့်ဆိုင်သည်။ နောက်တစ်ခုမှာ အာရုံတစ်ခုကို စူးစိုက် သိနေခြင်း (Mindfulness) ဖြစ်ပြီး လက်ရှိဖြစ်နေသော ကြုံတွေ့နေရသော အာရုံနှင့် ဆိုင်သည်။ မိမိတို့တွင် လက်ရှိ ဖြစ်ပေါ်နေသော ကာယ၊ စိတ္တ၊ ဝေဒနာ၊ ဓမ္မ၊ အာရုံ ၄ ရပ်အပေါ်တွင် မပြတ် ယှဉ်ကပ်နေသော စူးစိုက်သိရှိနေမှု တရားသည်ပင် သတိပဌာန်တရား ဖြစ်ပါသည်။
ဤနေရာတွင် သတိက တစ်ခုတည်းဖြစ်ပြီး အာရုံကသာ ၄ ခု ကွဲနေတာ ဖြစ်သည်။ Mindfulness established on four foundations. ဟု ဆိုနိုင်ပေမည်။ မြတ်စွာဘုရားသခင်က သတိပဌာန်တရားကို ဧကယန ဟုဆိုသည်။ ဧက ဆိုသည်မှာ unique သူမတူအောင် ထူးခြားခြင်း အတုမရှိခြင်း ဖြစ်ပြီး၊ ယန ဟူသည် way, path, practice လမ်းကြောင်း ကျင့်စဉ်ဟု ဆိုနိုင်ပါသည်။ သတိကို အာရုံတစ်ခုခု၌ မှန်ကန်စွာ ထားခြင်းသည် ထွက်မြောက်ရာအမှန် မြတ်နိဗ္ဗာန်သို့ ရောက်နိုင်သော တစ်ခုတည်းသောလမ်း၊ အတုမရှိသော ပန်းတိုင် (နိဗ္ဗာန်) ကို ရောက်စေမည့်လမ်း၊ တစ်ဦးတည်းသွားရမည့်လမ်း၊ သူမတူအောင် ထူးခြားသူတို့ မြင့်မြတ်သူတို့ ကျင့်ရမည့် ကျင့်နိုင်မည့် လမ်း /ကျင့်စဉ်ဟု ဆိုကြပါသည်။
သတိကို မှန်ကန်စွာ ထားခြင်းကြောင့် ရနိုင်မည့် အကျိုးများကို (၇) မျိုး ဟောထားပါသည်။
၁။ ကိလေသာအညစ်အကြေးများ ကင်းသွားစေနိုင်သည်။
၂။ သောကများ ကင်းဝေးသွားစေနိုင်သည်။
၃။ ပရိဒေ၀များ ကင်းဝေးသွားစေနိုင်သည်။
၎။ ဒုက္ခများ ကင်းဝေးသွားစေနိုင်သည်။
၅။ ဒေါမနသ တွေ ကင်းဝေးသွားစေနိုင်သည်။
၆။ နိဗ္ဗာန်ကို ပို့ဆောင်ပေးနိုင်သော ဥာဏ်လမ်းကြောင်းပေါ်ကို ရောက်စေသည်။
၇။ နိဗ္ဗာန်ကို ကိုယ်တိုင် သိရှိသွားစေနိုင်သည်။
သတိပဌာန် ကျင့်စဉ်တရားဟာ ဒီအကျိုး(၇)ခု ရနိုင်စေဖို့ တစ်ခုတည်းသော ကျင့်စဉ်ဖြစ်တယ်။ တခြား နည်းလမ်း မရှိပေဘူး။ လူများသည် နေ့စဉ် အာရုံတစ်ခုခုနှင့်တွေ့တိုင်း လောဘ၊ဒေါသ၊မောဟ ကိလေသာ အညစ်အကြေးတွေဖြစ်နေသည်။ သတိပဌာန်တရားကို အားထုတ်ခြင်းဖြင့် ထိုအညစ်အကြေးတွေက ကင်းဝေးတဲ့ ဖြူစင်တဲ့ စိတ်ကိုရနိုင်သည်။ လူတိုင်း နေ့စဉ် တစ်ခုမဟုတ် တစ်ခုအတွက် သောက ပရိဒေ၀ ပူဆွေးနေရသည်။ ဒုက္ခ ဒေါမနသ ဖြစ်နေရသည်။သတိတရားကို မှန်ကန်စွာ ထားခြင်းဖြင့် ကိလေသ၊ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနသ တွေ ကင်းဝေးမယ်။ နိဗ္ဗာန်ကို ပို့မယ့် လမ်းကြောင်း အမှန်ပေါ်ကို ရောက်သွားပြီး နောက်ဆုံးမှာ နိဗ္ဗာန်ကို ကိုယ်တိုင် တွေ့မြင်သိရှိ သွားနိုင်သည်။
ဒီအကျိုးတွေ ရနိုင်ဖို့ သတိကို ကာယ၊ စိတ္တ၊ ဝေဒနာ၊ ဓမ္မ အာရုံ(၄) မျိုးအပေါ်မှာ မှန်ကန်စွာ ထားခြင်းဟာ သတိပဌာန်ကျင့်စဉ် ပါဘဲ။ သတိကို မှန်ကန်စွာ ထူထောင်တဲ့ ကျင့်စဉ် ဖြစ်သည်။ ဘာကြောင့် ဒီအာရုံ ၄ ခု ပေးရတာလဲ။ ၀ိပ္ပလ္လာသ ဆိုတဲ့ မှားယွင်းနေမှု တရားတွေကို ဖယ်ရှားစေချင်လို့ ဖြစ်တယ်။လူတွေဟာ အသိမှား၊ အမှတ်မှား၊ အယူမှားနေကြတယ်။ ကိုယ့် ခန္ဓာကိုယ်ကြီးကို သုဘ လို့ထင်နေကြတယ်။ ဒါကို အသုဘ လို့ အမှန်အတိုင်း သိစေချင်လို့ ကာယနုပသနာကို ဟောပါတယ်။ ခံစားရသမျှ ဝေဒနာတွေကိုလဲ သုခလို့ ထင်နေကြတယ်။ အဲဒီလို ဒုက္ခလို့ မြင်လာအောင် ဝေဒနာ နုပသနာ ဟောပါတယ်။ မိမိတို့ရဲ့ စိတ်ကလေးကိုလဲ မြဲနေတယ် အမြဲရှိနေတယ် နိစ္စလို့ ထင်နေတာကို အမှန်အတိုင်း အနိစ္စလို့ သိအောင် စိတ္တာနုပသနာကို ဟောပါတယ်။ ဖြစ်ပျက်နေတဲ့ တရားတွေဟာ အတ္တလို့ ထင်နေတာကို အနတ္တလို့ သိမြင်လာအောင် ဓမ္မာ နုပသနာကို ဟောပါတယ်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ တရားတွေကို အမှန်အတိုင်း မြင်လာအောင်ဖြစ်တယ်။
နောက်တနည်းအားဖြင့်ကတော့ ၀ိပသနာ အားထုတ်ရာမှာ သမထ ယာနိက နဲ့ ၀ိပသနာ ယာနိက နှစ်နည်းရှိပါတယ်။ သမထ နဲ့သွားမယ့် သူတွေအတွက် ဥာဏ်နဲသူကို ကာယနုပသနာကို ညွှန်ပြပြီး ဥာဏ်ထက်မြက်သူတွေကို ဝေဒနာနုပသနာကို ဟောပါတယ်။ ၀ိပသနာလမ်းကြောင်းနဲ့ သွားမယ့် သူတွေအနက် မထက်မြက်သူကို စိတ္တာနုပသနာ ဟောပြီး ထက်မြက်သူကို ဓမ္မာနုပသနာ ဟောပါတယ်။ သမထယာနိက အတွက် အာရုံ ၂မျိုး ၀ိပသနာယာနိကအတွက် အာရုံ ၂မျိုး ပေးပါတယ်။
လောကမှာ တဏှာ အဖြစ်များပြီး အတွယ်အတာများသူနဲ့ အမြင်မှားသူ ဒိဌိအဖြစ်များသူ ဆိုပြီး ၂မျိုးရှိတယ်လို့ အဌကထာ ဆရာများက ဆိုပြန်ပါတယ်။ တဏှာအတွယ်အတာ နဲနဲဆိုရင် ကာယ၊ လွန်ကဲသူဆိုရင် ဝေဒနာ၊ ဒိဌိ ဖြစ်သူမှာ ဥာဏ်နည်းသူကို စိတ္တာ၊ ဥာဏ်ထက်သူကို ဓမ္မာ စသည်ဖြင့် ပေးပါသတဲ့။
သတိကို ထူထောင်ရာတွင် သတိတစ်ခုတည်းနှင့် မဖြစ်ပါ။ စုပေါင်း ပါဝင်ရမယ့် အင်္ဂါတွေက ၃ ခု ရှိပါတယ်။ သတိ အပြင် ၀ီရိယ နှင့် ပညာ တို့ပါမှ ကောင်းမွန် မှန်ကန်စွာ သတိကို ထူထောင်နိုင်မည် ဖြစ်သည်။ ဖယ်ရှားရမှာက အင်္ဂါ ၂ ခု ဖြစ်ပါတယ်။ အဘိဇ္ဈာနဲ့ ဒေါမနဿ တို့ ဖြစ်ပါတယ်။ဒီနေရာမှာ အဘိဇ္ဈာဆိုတာဟာ ကိုယ်တွေ့ကြုံလာရတဲ့ အာရုံတစ်ခုခုကို နှစ်သက်တဲ့အခါ ထပ်မံလိုချင်တာ ကြံဆောင်နေတာဖြစ်ပါတယ်။ သူတပါးပိုင်ဆိုင်မှုကို လိုချင်တပ်မက်တဲ့ အဘိဇ္ဈာ မဟုတ်ပါ။ ဒေါမနဿကတော့ အာရုံတစ်ခုခု မနှစ်သက်တာ တွေ့လာတဲ့ အခါ အလိုမကျတဲ့ ခံစားမှု ဖြစ်ပါတယ်။
နိဗ္ဗာန် ရောက်ဖို့ရာမှာ ဒီသတိပဌာန်တရား ၄ပါး လိုအပ်တယ်။ ဒီ ၄ပါး နဲ့လုံလောက်တယ်။ ဒါ့အပြင် ဒီသတိပဌာန်မပါဘဲ နိဗ္ဗာန်ရောက်သူ မရှိဘူး။ သံသရာ ၀ဋ်ဆင်းရဲက လွတ်မြောက်ပြီး တစ်မဂ် တစ်ဖိုလ် ရသွားသူတိုင်းဟာ နိဝရဏလို့ခေါ်တဲ့ ပိတ်ဆို့နေတဲ့ တရား ၅ ပါးကို ဖယ်ရှားကာ သတိပဌာန်တရား လေးပါးအပေါ်မှာ အခြေပြုပြီး ဗောဇ္ဈင် (၇)ပါးကို ပွားပြီးမှ ရရှိသွားတာချည့်ဘဲ ဖြစ်တယ်။
ဗောဇ္ဈင် (၇)ပါး ဆိုတာကတော့ သတိ, ဓမ္မဝိစယ, ဝီရိယ, ပီတိ, ပဿဒ္ဓိ, သမာဓိ, ဥပေက္ခာ တို့ဖြစ်တယ်။ ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ တို့အပေါ် မှန်ကန်စွာ ထားတတ်သော သတိက သတိသမ္ဗောဇ္ဈင်, ထိုတရားတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ ဖြစ်ကြောင်း မှန်ကန်စွာ ထိုးထွင်းသိတတ်သော ဝိပဿနာဉာဏ်က ဓမ္မဝိစယသမ္ဗောဇ္ဈင်, ထိုဝိပဿနာ ဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော ဝီရိယက ဝီရိယသမ္ဗောဇ္ဈင်, အမှန်အတိုင်း သိမြင်လာမှုအပေါ် ၀မ်းသာကျေနပ်မှု ပီတိက ပီတိသမ္ဗောဇ္ဈင်, ပဿဒ္ဓိက ပဿဒ္ဓိ သမ္ဗောဇ္ဈင်, သမာဓိက သမာဓိသမ္ဗောဇ္ဈင်, တတြမဇ္ဈတ္တတာစေတသိက်က ဥပေက္ခာသမ္ဗောဇ္ဈင် အသီးသီးတို့ ဖြစ်ကြပါသည်။
ဒါဟာ နိဗ္ဗာန် ရောက်လိုသူတိုင်း ဧကယန တစ်ခုတည်းသော မဖြစ်မနေ လုပ်ရမယ့် လုပ်ငန်းစဉ်ဘဲ။ တခြားနည်းလမ်း မရှိဘူး။ နှေးတာနဲ့ မြန်တာဘဲ ကွာနိုင်တယ်။ အရိယာအားလုံး ဒီနည်းလမ်းနဲ့ ဒီကျင့်စဉ်နဲ့ဘဲ ရောက်သွားကြတာဖြစ်တယ်။ တခြားနည်းနဲ့ ရောက်နိုင်တာ မရှိပါ။ ကမ္မဌာန်း တရားအားထုတ်တယ်ဆိုသူတွေဟာ သမာဓိကို ပျိုးထောင်၊ နိဝရဏ တရားတွေကို ဖယ်ရှား၊ သတိကို ထူထောင် သတိပဌာန်တရား အပေါ်မှာ အခြေစိုက်ပြီး ဗောဇ္ဈင် ၇ပါးကို ပွားများခြင်းဖြင့် သံသရာ ၀ဋ်ဆင်းရဲက လွတ်မြောက်ကြရတယ်။ အရိယာ ဖြစ်ရန် သတိပဌာန်မှအပ အခြားနည်း ဖြတ်လမ်းနည်း မရှိပါ။
(ဆရာတော် ဒေါက်တာနန္ဒမာလာ ဘိဝံသ ၏ တရားများကို အဓိက နာယူရေးသားပါသည်။ ဘုရားဟော ကျမ်းဂန်များနှင့် မညီညွတ်ပါက တည့်မတ်ပေးကြပါရန် ပန်ကြားအပ်ပါသည်။)